စုစည်းတင်ပြသူ - သီသီမင်း
ဓာတ်ပုံ - တင်စိုး (မြန်မာ့အလင်း)
ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းတွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)" ပွဲတော်ကြီးကို ဖေဖော်ဝါရီ လ ၁ ရက်နေ့မှစတင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် ယခုနှစ်သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ကယားတိုင်းရင်းသား လုပ်ငန်းရှင်အသင်းက ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပူးပေါင်းပါဝင်ပံ့ပိုး ပေးထားခြင်းဖြစ်သည်။ ။
ပွဲတော်ကာလအတွင်း ကျိုက္ကဆံ အားကစားကွင်းကြီးထဲတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် "၀"၊ ကိုးကန့်၊ တအောင်း၊ ပအိုဝ်း၊ နာဂ၊ ဓနုစသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများအား ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု
ထို့ပြင် ဌာနေတိုင်းရင်းသားများ ကိုယ်တိုင်ဖျော်ဖြေသည့် ယဉ်ကျေးမှု၊ အကအလှများ၊ ချက်ပြုတ်ရောင်းချသည့် အစားအသောက် ဆိုင်ခန်းများလည်း ပါဝင်သည်ဖြစ်ရာ ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများ၏ မတူကွဲပြားသည့်ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများ၊ နေထိုင်မှုပုံစံများ၊ ဝတ်စား ဆင်ယင်မှု၊ လူနေမှုပုံစံများ၊ အစားအစာများ၊ သမိုင်းဆိုင်ရာများကို တစ်နေရာတည်းတွင် မြင်တွေ့ခွင့်ရရှိ ပြီး တိုင်းရင်းသား ကမ္ဘာကြီးတစ်ခုသို့ ရောက်ရှိသွားသည့် အတိုင်း ခံစားရမည်ဖြစ်ပါသည်။
ကချင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း
ပြခန်းရှေ့တွင် ကချင်မနောတိုင်ကို ဝင့်ဝင့်ကြွားကြွား စိုက်ထူထားသည့် ကချင်တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုပြခန်းတွင် ခခူးနယ်၊ လုံမီနယ်၊ ရဝမ်နယ်တို့တွင် ရှေးခေတ်က တည်းက အသုံးပြုခဲ့သောကျောက်အိုး ပုံ (ပုံစံတူ)ကို ပြခန်းရှေ့တွင် ခင်းကျင်းပြသထားသည်ကို ပထမဆုံး မြင်ရမည် ဖြစ်သည်။
ထို့နောက် ကချင်စကားလုံးကို မှန်ချပ်များဖြင့် ပုံဖော်ထားသည်ကိုလည်း ထူးခြားချက် တစ်ခုအနေဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး နောက်ဘက်တွင် ကချင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော ဂျိမ်းဖော၊ လီဆူး၊ ရဝမ် အစရှိသည့် မျိုးနွယ်စုခြောက်စု၏ ဝတ်စားဆင်ယင်ပုံများကို ရုပ်တုများဖြင့် ဝတ်ဆင် ပြသထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ။
မျိုးနွယ်စုခြောက်စု၏ဝတ်စားဆင်ယင်မှု ပြသမှု၏ နောက်ဘက်တွင် တောင်တန်းများပေါ်တွင် ဆောက်လုပ်ထားသည့် ကချင်ရိုးရာအိမ်လေးကို ပုံစံငယ်ပြုလုပ်ထားပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးဖြူငှက်ကို အလှပြသထားပြန်သည်။
ကချင်အိမ်ပုံစံငယ်နှင့်ပတ်သက်၍ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က "ဟိုတုန်းက ဒီလိုအိမ်ပုံစံပဲလုပ်တာ၊ ရှည်မျောမျောပေါ့။ အဲဒီအထဲမှာ မီးဖိုရှိတာပေါ့။ ဟိုတုန်းကဆို မီးဖို လေးဖိုရှိတဲ့အိမ်၊ ခြောက်ဖို့ရှိတဲ့အိမ် အဲဒီလို ဂုဏ်ယူပြီး ပြောကြတာ။ မိသားစု ပျော်ပျော်ပါးပါး နေထိုင်ကြတာပေါ့။ အိမ်ရှေ့ကငှက်က ကချင်တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးက အရေးကြီးဆုံး ဖြစ်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့ ချိုးငှက်ကို အိမ်ရှေ့မှာ ထားထားတာပါ"ဟုပြောသည်။
ဓာတ်ပုံများ
ပြခန်းပတ်ပတ်လည်တွင် လာရောက်ကြည့်ရှု လေ့လာသူများကို ဆွဲဆောင်နိုင်သည့် ရှေးခေတ်မှစ၍ ခေတ်အဆက်ဆက် ကချင်တိုင်းရင်းသား မိသားစုများ၊ ခေါင်းဆောင်များ၊ သူရဲကောင်းများ၏ သမိုင်းဝင်ဓာတ်ပုံများကို စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် ဗီနိုင်းများဖြင့် ပြသထားသည်ကို တွေ့မြင်ရသည်။
ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခက်ထိန်နန်က " ကျွန်တော်တို့နိုင်ငံက ပြည်ထောင်စု နိုင်ငံပါ။ တိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုက အလွန်ကို အရေးကြီးပါတယ်။ လူမျိုးတစ်မျိုးဆိုတာ ယဉ်ကျေးမှုက သူ့အမွေအနှစ်ပဲ။ သူဆင်းသက်လာတဲ့ လမ်းကြောင်းပေါ့။ ဒီနေ့ တိုင်းရင်းသားတွေ အားလုံးက သူ့တိုင်းရင်းသားနဲ့သူ ဆင်းသက်လာတဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တာ၊ သမိုင်းကြောင်းနဲ့ပတ်သက်တာ ဒါတွေ ပြသတာဖြစ်ပါတယ်" ဟု ပြောသည်။
ပြခန်းအတွင်းတွင် ကချင်တိုင်းရင်း သားမျိုးနွယ်စုတို့ အသုံးပြုခဲ့ကြသည့် ကျောက်သားကို ထွင်းထုပြီးပြုလုပ်ထားသည့် ဖိုခုံလောက်၊ ရဝမ်မျိုးနွယ်စု ရိုးရာဝက်အစွယ် နှစ်ဖက်ပါ ခေါင်းဆောင်း (ဦးထုပ်) များ၊ ရိုးရာချည်ထည် အဝတ်အစားများ၊ အသုံးအဆောင်များအပြင် ရန်သူကို ခုခံကာကွယ်ရာတွင် ဓားခုတ်၊ လှံထိုးသည့်အခါ အကာအကွယ်အဖြစ် အသုံးပြုခဲ့သည့် ဒိုင်းများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
တူရိယာပစ္စည်းများ
တူရိယာပစ္စည်းများကို ကြိုးအလျှော့အတင်းပေါ် လိုက်၍ အသံပြောင်းသည့် ရှေးအကျဆုံး ကြိုးတစ်ချောင်းတပ် တူရိယာ (ယခုခေတ် အခေါ် မယ်ဒလင်) တစ်ခု အပါအဝင် အခြားစိတ်ဝင်စားဖွယ် ပစ္စည်းများကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ။
ထို့ပြင် ကချင်တိုင်းရင်းသားတို့၏ အသုံးအဆောင် ပစ္စည်းများ ကျောက်စိမ်း၊ ပယင်းအစရှိသည့် ဒေသထွက်များကို ခင်းကျင်းပြသ ရောင်းချထားသည့်အတွက် စိတ်ဝင်စားသူများ လေ့လာနိုင်သည့်အပြင် အမှတ်တရ အဖြစ်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ရိုးရာစားသောက်ဆိုင်များ
ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းအပြင် ကချင်ရိုးရာ ဟင်းခတ် အမွှေးအကြိုင်များကို အသုံးပြုကာ ချက်ပြုတ်ထားသည့် ရိုးရာစားသောက်ဆိုင်များနှင့် အမှတ်တရ ပစ္စည်းရောင်းချသည့် ဆိုင်များကိုလည်း ဖွင့်လှစ်ထားရာ ကချင်ဒေသ အစားအစာစစ်စစ် စားချင်သူများအတွက် အဆင်ပြေလှသည်။
"ဒီပွဲက ကျိုက္ကဆံကွင်းမှာ ကျင်းပတယ်ဆိုပေမယ့် တိုင်းရင်းသားတွေရဲ့ ကမ္ဘာလို့ ဆိုနိုင်တာပေါ့။ တစ်နိုင်ငံလုံးက အားလုံးစုဖွဲ့ ရောက်နေတာ။ တစ်နေရာတည်းမှာပဲ ကြည့်ရှုခွင့်ရမှာ ဖြစ်လို့ ဖိတ်ခေါ်ပါတယ်။ တစ်နိုင်ငံလုံးကို ခရီးသွားသလိုမျိုး ဒီကျိုက္ကဆံကွင်းကြီးထဲမှာ ဖြစ်သွားတာပေါ့။ အားလုံး ရင်းရင်းနှီးနှီး ပါဝင်ကြပါလို့ ဖိတ်ခေါ်ပါ တယ်" ဟု ကချင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း ဖွင့်လှစ်ထားသည့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခက်ထိန်နှန်က ပြောသည်။ ။
ကယားတိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း
ယခုနှစ်သည် ကယားတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဦးဆောင် ကျင်းပသည့်ပွဲ ဖြစ်သည့်အတွက် ကယားလူမျိုးတို့၏ တံခွန်တိုင်ကို ခမ်းနားစွာ ထားရှိမှုနှင့်အတူ ကယားလူမျိုးတို့၏ တံခွန်တိုင်အကကိုပါ ကြည်နူးဖွယ် မြင်တွေ့ခံစားကြရမည် ဖြစ်သည်။ ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းနှင့် ကပ်လျက် ကယား တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းတွင် ကယားတိုင်းရင်းသားတို့၏ ရိုးရာအသုံးအဆောင် တူရိယာပစ္စည်းများ၊ ဝတ်စားဆင်ယင်မှုများ၊ အထင်ကရ နေရာများ၏ မှတ်တမ်းဓာတ်ပုံများ၊ လက်မှုပစ္စည်းများ၊ စာပေယဉ်ကျေးမှု၊ သင်ရိုးညွှန်းတမ်းများကို စိတ်ဝင်စားဖွယ် လေ့လာခွင့်ရမည်ဖြစ်သည်။
"လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။ ဒီလို အောင်အောင်မြင်မြင် ပြသနိုင်ဖို့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးက ပါဝင်ကူညီပေးခဲ့တာ ဖြစ်ပါတယ်" ဟု ဌာနေတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇက် အောင်လေးက ပြောသည်။
ရိုးရာအိမ်ပုံစံငယ်
ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း အဝင်ဝထောင့်ဘက်တွင် ကယားတိုင်းရင်းသားတို့ နေထိုင်ရာ ရိုးရာအိမ်ပုံစံငယ်ကို ဒေသထွက် သစ်ခွပန်းပင်များဖြင့် အလှဆင် ပြသထားသည်ကို တွေ့ရသည်မှာ မျက်စိ ပသာဒရှိလှသည်။
ပြခန်းအတွင်း ပတ်ပတ်လည်တွင် ကယားပြည်နယ်၏ အထင်ကရ နေရာများဖြစ်သည့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် တည်ရှိသည့် ဟော်နန်း၊ ကယားတိုင်းရင်းသားတို့၏ တံခွန်တိုင်များ၊ ဘီလူးချောင်း အမှတ် (၃) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ပုံစံငယ်နှင့်အတူ အထင်ကရ တောင်ကွဲစေတီ၊ ရေနီပေါက်ဂူ၊ ဆင်တောင်၊ သဘာဝလိုဏ်ဂူ အစရှိသည်တို့ တည်ရှိရာနေရာများကို ဗီနိုင်းများဖြင့် ပြသထားသည်။
အသုံးအဆောင်ပစ္စည်းများ ကယားတိုင်းရင်းသားတို့ အမဲလိုက်ရာတွင် အသုံးပြုသည့် တူမီးသေနတ်များ၊ ဒူးလေးများ၊ ဘူးသီးခြောက် ရေဘူး၊ ကျွဲချို၊ ဝါးဖြင့် ရက်လုပ်ထားသည့် ကယားရိုးရာ ခေါင်ရည်ခွက် အပါအဝင် အခြားစိတ်ဝင်စားဖွယ် ဝါးဖြင့် ပြုလုပ်ထားသည့် လက်မှုပစ္စည်းများ၊ ဆီကြိတ်ရာတွင် အသုံးပြုသည့် ဆီဆုံများ၊ ရိုးရာချည်ထည်များကိုလည်း ခေတ်သစ်နှင့် ခေတ်ဟောင်း ခွဲခြားကာ ပြသထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ အစရှိသည့် တိုင်းရင်းသား မျိုးနွယ်စု (၆) စု၏ ဝတ်စား ဆင်ယင်မှုများကို ရုပ်တုများဖြင့် လှပစွာ ပြင်ဆင်ပြသထားသည်ကို စိတ်ကြည်နူးဖွယ် မြင်တွေ့ရမည်ဖြစ်သည်။ လွိုင်ကော်၊ ဖရူဆို၊ ဘောလခဲ၊ ဒီးမော့ဆို အစရှိသည့် ဒေသများမှ အဓိက ထွက်ကုန်များကိုလည်း ပြသထားသည်။
ကယားတိုင်းရင်းသားတို့၏ ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်းကွင်း၊ ဝါးပလွေ၊ ကျွဲချို အစရှိသည့် ရိုးရာတူရိယာ ပစ္စည်းများကိုလည်း ခင်းကျင်း ပြသထားသည်။
ကယောဖားစည်
ပြခန်းအတွင်း ထူးခြားချက်အနေဖြင့် ကြီးမားသည့် ကယောမျိုးနွယ်စုတို့ အထွတ်အမြတ် တီးခတ်ရာ ဖားစည်ငါးခုကို မြင်တွေ့ရမည်ဖြစ်သည်။ ကယားတိုင်းရင်းသား ရိုးရာပြခန်းတွင် ကယန်းတိုင်းရင်းသား ပြခန်းလည်း ထည့်သွင်းပြသထားရာ ကယန်းတိုင်းရင်းသူတစ်ဦး အထည်ရက်လုပ်နေသည့် မြင်ကွင်းကလည်း စိတ်ဝင်စားစရာကောင်းလှသည်။
ရိုးရာစားသောက်ဆိုင်များ
ဒေသထွက် အစားအစာများနှင့် ရိုးရာခေါင်ရည် အပါအဝင် ကယား ပြည်နယ်၏ နာမည်ကြီး ဒေသထွက်ကုန်များနှင့် ရိုးရာ အစားအစာများကို ဝယ်ယူလိုသူများအတွက် ရောင်းချပေးသည့် ဈေးဆိုင်များလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။ "တိုင်းရင်းသားတွေရဲ့ ရပ်တည်မှု၊ စာပေ၊ ယဉ်ကျေးမှုတွေကို ဒီပွဲမှာ ထုတ်ဖော်ပြခွင့်ရလို့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတွေကို လာရောက် လေ့လာကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်" ဟု ဌာနေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးဇက်အောင်လေး က ပြောသည်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြခန်း
ယနေ့ ပွဲတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုမှလည်း ပါဝင်ပြသရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်း ပြင်ဆင်ထားရှိပုံမှာလည်း အခြားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသပြခန်းများနည်းတူ ထူးခြားလှသည်။ ။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြခန်းရှေ့တွင် ၆၁ ပေရှိ ပအိုဝ်းရိုးရာ ပဒေသာပင်ကြီးကို ပထမဆုံးမြင်တွေ့ ရမည်ဖြစ်သည်။ ခြံဝင်းအတွင်း ဝင်လိုက်သည်နှင့် ပအိုဝ်းရိုးရာ အိမ်ပုံစံတူဟု ဆိုသော်လည်း တကယ်လက်ရှိ လူနေထိုင်၍ရသည့်အိမ်အတိုင်း ဆောက်လုပ် ပြသထားသည့် ပအိုင်းရိုးရာ ဝါးအိမ်ကို မြင်တွေ့ရမည်ဖြစ်သည်။ ။
" ဒေသမှာ ဆောက်လုပ်နေတဲ့ အိမ်ပုံစံငယ်လေးကို ဆောက်ပြတယ်။ ဝါးနဲ့ပဲဆောက်တယ်။ သံချောင်း တစ်ချောင်းမှ မပါဘူး။ ရိုးရာအိမ်လေးပါ" ဟု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)မှ ဒေါ်နန်းလုံခမ်းက ပြောသည်။ အိမ်ပေါ်သို့ တက်လိုက်သည်နှင့် အဝင်ဝတွင် ပအိုဝ်းဒေသ၏ အဓိက လုပ်ငန်းဖြစ်သော အိမ်တွင်းမှုသနပ်ဖက် လုပ်ငန်းကို ခင်းကျင်းပြသထားပြီး ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများ၊ ကျပ်ခိုးစင်နှင့် ဟင်းချက်စရာပစ္စည်း အစုံပါဝင်သည့် မီးဖိုတို့ကို ခင်းကျင်းပြသထားရာ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရှင်းသော နေထိုင်မှုပုံစံကို ရှင်းခနဲမြင်သာ စေမည်ဖြစ်သည်။
" ဒီကပစ္စည်းတွေကို နယ်မှာရှိတဲ့ ပအိုဝ်းအိမ်တွေကနေ စုဆောင်းတယ်။ တောင်ကြီးမှာရှိတဲ့ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီကနေ ပံ့ပိုးပေးတာတွေရှိတယ်။ ဒီအိမ်ကိုရောက်လာရင် ပအိုဝ်းဒေသက အိမ်ကို ရောက်လာသလို ခံစားရအောင် ပြင်ဆင်ထားတာပါ"ဟု ဒေါ်နန်းလုံခမ်းက ပြောသည်။
ရှေးခေတ် ခေါင်းလောင်းတစ်စုံ
တစ်မူထူးခြားချက်အနေဖြင့် ပအိုဝ်း လူမျိုးတို့ အသုံးပြုသော အလေးချိန် တိကျမှန်ကန်သည့် ချိန်ခွင်ကို ခြံဝင်းအတွင်းရှိ ဝါးစင်ပေါ်တွင် ပြသထားပြီး ရှေးခေတ်လက်ရာ ခေါင်းလောင်း တစ်စုံကို အိမ်ခေါင်းရင်း ခန်းတွင် သီးသန့်ပြသထားသည်ကို လေ့လာနိုင် မည်ဖြစ်သည်။ ။
ရှေးဟောင်း ခေါင်းလောင်းနှင့် ပတ်သက်၍ " ရှေးဟောင်းပအိုဝ်း ခေါင်းလောင်းက အလှူအတန်းတွေ ပြုလုပ်တဲ့အချိန်မှာဆိုရင် ပြီးတာနဲ့ အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ ခေါင်းလောင်းကို နှိပ်ပေးတာပေါ့။ သူက ရှေးဟောင်းပဲ။ အခုခေတ်မရှိတော့ဘူး။ တစ်စုံကို အကြီးအသေးပေါ် မူတည်ပြီး ငွေကျပ်သိန်း ၂၀၊ ၃၀ ရှိတယ်" ဟု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ ဒေါ်နန်းလုံခမ်းက ပြောသည်။
ပအိုဝ်းတူရိယာပစ္စည်းများ
ထို့ပြင် ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်ကွင်း၊ ပအိုဝ်းရိုးရာမီးပုံးများ၊ ပအိုဝ်းဒေသထွက် ပြောင်း၊ ကြက်သွန်ဖြူ၊ အာလူး အစရှိသည့် ဒေသထွက်ကုန်များ၊ စိုက်ခင်းငယ်များ၊ ရိုးရာအသုံး အဆောင်များကို ခြံဝင်းအတွင်းရှိ စင်များပေါ်တွင် ခင်းကျင်းပြသထားရာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြေပုံ
ပြခန်းခြံဝင်းအတွင်း ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင် စသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြေပုံကို မြေဖြင့်ပြုလုပ်ထားပြီး ဒေသထွက် ထောပတ်၊ သနပ်ဖက်၊ ပြောင်း၊ စပါး။ ငရုတ် အစရှိသည့် သီးပင်စားပင်များ စိုက်ပျိုးပြသထားပြန်သည်။
"ဒေသထွက်ပြောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကအစ တကယ်စိုက်ပြထားတယ်။ လာကြည့်သွားတဲ့သူတွေက ဒီဒေသက တကယ်ထွက်ပါလားဆိုပြီး သူတို့ ပိုပြီးမှတ်မိစေဖို့ပါ။ ပအိုဝ်းဒေသက ဘာတွေထွက်သလဲဆိုတာ သိစေချင်တဲ့အတွက် မြေပုံနဲ့တကွ ရှင်းပြထားခြင်း ဖြစ်ပါတယ်"ဟု ဒေါ်နန်း လုံခမ်းက ပြောသည်။
ထို့ပြင် ပအိုဝ်းလူမျိုးတို့ ရိုးရာယုံကြည်မှု စူဠာမဏိမြတ်စွာဘုရားအား ပူဇော်သည့် ကျောင်းဆောင်ကိုပါ ကြည်ညိုဖွယ် ဖူးမြင်ရသည့်အပြင် စိုက်ပျိုးရေးအတွက် မိုးလေဝသ ကောင်းစေရန် ဒုံးပစ်လွှတ်သည့် ဓလေ့အရ အဆင့်ဆင့် ဒုံးပစ်လွှတ်ပုံနှင့်အတူ ပစ်လွှတ်သည့် မီးရှူးစင်ကိုပါ ခြံဝင်းအတွင်း စိတ်ဝင်စားဖွယ် လေ့လာနိုင်သည်။
မီးရှူးစင်နှင့်ပတ်သက်၍ "စိုက်ပျိုးရေးကို အဓိကထားတာ ဖြစ်တဲ့အတွက် ရာသီဥတု ကောင်းမွန်ဖို့ မိုးဦးကာလ ၆ လပိုင်း၊ ၇ လပိုင်းဆို မိုးခေါ်တဲ့ ဒုံးလွှတ်တာပေါ့။ ဒုံးက ပအိုဝ်း တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး မိုးခေါ်တာ ဒါကိုပြချင်လို့ပါ" ဟု ဒေါ်နန်းလုံခမ်းက ပြောသည်။
ပြခန်းသို့ လာရောက် လည်ပတ်သူများအား ပအိုဝ်းရိုးရာ အကအလှများဖြင့် နေ့စဉ်ဖျော်ဖြေမှုများ ပြုလုပ်မည် ဖြစ်ပြီး အခြားထူးခြားသည့် အစီအစဉ်များလည်းရှိကြောင်း သိရသည်။
ဒေသထွက်ကုန် ရောင်းချသည့် ဆိုင်ခန်းများ
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြခန်းနှင့်အတူ ကျိုက္ကဆံကွင်းအတွင်း ပအိုဝ်းရိုးရာ အဝတ်အထည်၊ ရိုးရာ ထမင်းဟင်း၊ ဟင်းထုပ်၊ လက်ဖက်ခြောက်၊ လိမ္မော်သီး၊ ထောပတ်သီး အစရှိသည့် ဒေသထွက်ပစ္စည်း ရောင်းချသည့်ဆိုင်များလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
"ဒုတိယအကြိမ်ဆိုတော့ အစ်မတို့ ယဉ်ကျေးမှုကို တခြားတိုင်းရင်းသားနဲ့အတူ ဝေမျှခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အချင်းချင်း ယဉ်ကျေးမှုတွေ နားလည်ပြီးသွားပြီဆိုရင် တစ်ဦးနဲ့တစ်ဦး ပိုပြီးရင်းနှီး နွေးထွေးပြီး စည်းလုံးကြမယ်လို့ ထင်ပါတယ်။ လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်"ဟု ပြောသည်။