ရန်ကုန် ၂ ဖေဖော်ဝါရီ
ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀ ပွဲတော်ကြီး ဒုတိယမြောက်နေ့တွင် ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။
ပွဲတော်ကာလအတွင်း ကချင်၊ ကယား ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ၊ နှင့် ဝ၊ ကိုးကန့်၊ တအာင်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေး မှုဆိုင်ရာ ပြခန်းများကို တစ်နေရာတည်းတွင် တစ်စုတစည်းတည်း ပြသထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်း


ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းသို့ သွားရောက်လေ့လာ ကြည့်ရှု မည်ဆိုပါက ပြခန်းအရှေ့တွင် ချင်းပြည်နယ်၏ အထင်ကရနာမည်ကျော် အသဲပုံ ရိဒ်ရေကန် ပုံစံငယ်ကို လှပစွာ ပြုလုပ်ထားသည်ကို မြင်တွေ့ရမည်။
ချင်းရိုးရာ အိမ်ကလေး
ပြခန်ုးအတွင်းဝင်လိုက်သည်နှင့် မင်္ဂလာနွားနောက်နှင့်အတူ ရှေးခေတ် ချင်းရိုး ရာ တူရိယာပစ္စည်းများနှင့် ချင်းအမျိုးသမီးငယ်များ လွယ်လေ့ရှိသော ဝါးဖြင့် ရက်လုပ် ထား သည့် တောင်းများကို အိမ်ရှေ့နံရံတွင် အစီအရီ ချိတ်ဆွဲထားသည့် ရိုးရာ အိမ်က လေးကလည်း ချင်းလူမျိုးတို့၏ ရိုးရာ နေထိုင်မှုပုံစံကို ချစ်စဖွယ် မြင်ခွင့်ရမည်ဖြစ်သည်။

'' ရိုးရာအိမ်မှာဆို ရှေးခေတ်တူရိယာဖြစ်တဲ့ မောင်းတို့ ၊ ဗုံတို့ ၊ အမျိုးသမီး တွေလွယ်တဲ့ တောင်းလေးတွေ၊ နွားနောက်ကတော့ အိမ်ထောင်ပြုတဲ့အချိန်၊ အမျိုးသမီးကို တင်တောင်းတဲ့ အချိန်မှာ မရှိမဖြစ်တင်ရတဲ့ မင်္ဂလာပစ္စည်းပေါ့'' ဟု ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းမှ ဒေါ်လင်းငြိမ်း ကပြောသည်။
ချင်းတိုင်းရင်းသားရိုးရာပြခန်းအတွင်း ချင်းရိုးရာ ပါးမဲထိုး သရုပ်ပြသည့် ပြခန်းများ၊ ချင်းရိုးရာ ချည်ထည်ဆိုင်ခန်းများ၊ ချင်းပြည်နယ်ဒေသထွက်ကုန် များဖြစ် သည့် ကော်ဖီ၊ ထောပတ်သီး၊ လက်ဖက်ခြောက်၊ နွားနောက်အသားခြောက်နှင့် တောင် ဇလပ်ကိုပြုလုပ်ထားသည့် ရိုးရာ ခေါင်ရည်ဆိုင်များ၊ ချင်းမျိုးနွယ်စုဝင် အရှိုချင်းရိုးရာ အမှတ်တရပစ္စည်း ရောင်းချသည့် အရောင်းပြခန်းများ၊ ချင်းရိုးရာ အစားအစာ ဆာဘူးသီး ရောင်းချသည့် ဆိုင်များကိုပါ ဖွင့်လှစ်ထားသည်။

ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်း ပြခန်းတွင် ရှေးခေတ်ချင်းလူမျိုးတို့ သမိုင်း ကြောင်းနှင့် အထင်ကရ ပုဂ္ဂိုလ်များ ကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသထားသည် မှာလည်း ဗဟုသုတရစေသည့်အပြင် ချင်းရိုးရာ ပြခန်းပတ်လည်တွင် ချင်းပြည်နယ်၏ အထင်ကရ နေရာများကို ဗီနိုင်းများဖြင့် ပြသပေးထား သည်ကိုတွေ့မြင်ရမည်ဖြစ်သည်။
ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းမှ ဒေါ်လင်းငြိမ်း က '' ချင်းမျိုးနွယ်စု တွေမှာ မတူညီတဲ့ မျိုးနွယ်စုတွေရှိတယ်။ ပါးရဲထိုးတာကလည်း မတူညီတာတွေရှိတယ်၊ မတူညီတဲ့ ပုံစံတွေကို ဒီမှာ နမူနာ ထိုးပေးပါတယ်။ ချင်းလူမျိုးတွေရဲ့ အထင်ကရ လူပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေကို ဒီပြခန်းမှာ ပြသထားတယ်၊ မသိသေးတဲ့ သူတွေ သိအောင်ပြသတာဖြစ်ပါတဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟုပြောသည်။

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ယဉ်ကျေးမှု ပြခန်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တိုင်းရင်းသားများကလည်း ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြသည့် အနေဖြင့် ပြခန်းများပါဝင်ပြသလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံလွန်းလှသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ သွေးချင်းတိုင်း ရင်းသားများကလည်း ယခုနှစ်တွင် ပထမအကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။
'' နာဂဒေသ လေရှီးမြို့နယ်ကလာတာပါ။ ပထမဆုံးအနေနဲ့ ဒီသွေးချင်းတို့ရဲ့ ပွဲတော်ကို လာပြတာပါ။ အရင်နှစ်က ပြချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလာ နိုင်ခဲ့တာပါ။ ၂၀၂၀ မှာ သွေးချင်းညီအစ်ကိုတွေနဲ့ ပူးပေါင်းပါဝင်ခွင့်ရလို့ ဝမ်းသာမိပါ တယ် '' ဟု နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှု ပြခန်းမှ ဦးချိန်းရေက ပြောသည်။

ပြခန်းတွင် နာဂတိုင်းရင်းသားများ၏ ဒေသ ထွက်ကုန်လက်မှုပစ္စည်းများ၊ ကိုယ်တိုင် ရက်လုပ်ထားသည့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အဝတ်အထည်များ၊ လွယ်အိတ်များ၊ ဝတ်စကုပ်အကျီများ၊ မာဖလာများ၊ နတ်ကတိုင်၊ ပဝါ အစရှိ သည်တို့ကို ခင်းကျင်းပြသထားသည်။

နာဂသူရဲကောင်းတို့သာ ဆောင်းရသည့် ဦးထုပ်

ပြခန်းအတွင်း တစ်ဘက်တစ်ချက်စီရှိ တိုင်များတွင် စစ်တိုက်သည့်အခါ နာဂသူ ရဲကောင်း အဆင်တန်ဆာဖြစ်သည့် အောင်လံ ငှက် အမွှေး ၁၂ ချောင်းတပ်ထားသည့် မျက်နှာဖုံးတွင် ကြေးပြားဖုံးအုပ်ထားသော အနီရောင်လည်ပင်းစွပ်ပုံစံရှိသည့် နာဂ သူရဲကောင်းတို့သာ ဆောင်းရသည့် ဦးထုပ်ကို ပြသထားရာ စိတ်ဝင်တစားကြည့်ရှု လေ့လာသူများ၊ ဦးထုပ်ကို ဆောင်းကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများ အထူးများပြားလှသည်။
''ရိုးရာမှာဆိုရင် ကျွန်တော်တို့ တကယ့်ကို တန်ဖိုးထားပြီး အသုံးပြုတဲ့ အရာ ပေါ့။ သူရဲကောင်းတွေ ဆောင်းတဲ့ ဦးထုပ်လေးဖြစ်ပါတယ်၊ အောင်လံငှက်မွှေး ၁၂ ချောင်းထောင်ထားတယ်။ မျက်နှာဖုံးနေရာမှာ ကြေးနဲ့ လုပ်ထားတယ်၊ အရင်တုန်းက စစ်တိုက်တဲ့အခါမှာ အဓိက သုံးတာပေါ့'' ဟု ဦးချိန်းရေက ပြောသည်။
ပြခန်း အခြားတစ်ဘက်ရှိ တိုင်တွင်လည်း နာဂဘိုးဘွားများ စစ်တိုက်ရာတွင် တန်ဆာဆင်လေ့ရှိသည့် တောဝက်အစွယ်၊ အောင်လံငှက်အမွှေး ၊ ဝါးတို့ဖြင့် ပြုလုပ် ထားသော ခေါင်းဆောင်းနှင့် လှံနှစ်ချောင်းကို တိုင်တွင် ကြက်ခြေခတ်သဏ္ဍာန် ပြုလုပ် ထားသည့် မြင်ကွင်းမှာ မြင်နေကျထက် တစ်မျိုးထူးခြားလှသည့် အတွက် လာရောက် လည်ပတ်သူတို့ အထူးစိတ်ဝင်တစားရှိမည့် မြင်ကွင်းပင်ဖြစ်သည်။

နာဂဒေသ၏ အထင်ကရဖြစ်သော ဆီးနှင်းများဖုံးလွှမ်းနေသည့် စာရာမေတိ တောင်နှင့်အတူ သာမန်လူများခြုံခွင့်မရသည့်၊ သူရဲကောင်းစစ်စစ်များသာ ခြုံရသည့် စောင်ကို နောက်ခံထားကာ ပြုလုပ်ထားသည့် နာဂတိုင်းရင်းသားတို့ နေထိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြေပုံမှာလည်း ပြခန်း၏ စိတ်ဝင်စားဖွယ် ဗဟုသုတ ဖြစ်ဖွယ် ပြကွက်တစ်ခုအဖြစ်ရှိနေပြန်သည်။

ထိုပြခန်းအတွင်းပြသထားသည့် နောက်ခံ ဗီနိုင်းများတွင် နာဂဒေသ၏ အထင် ကရ နောင်ယန်းအင်း၊ နာဂ ဘိုးဘွားများနေထိုင်ခဲ့ရာ ဆုတောင်းတိုင်များပါ အိမ်ငယ်၊ အောက်ချင်းငှက်၊ တောင်ယာ စိုက်ပျိုးရေးလုပ်ကိုင်ရာ လှေကားထစ် စိုက်ခင်းများ၊ လယ်များ၊ စိုက်ပျိုးသီးနှံများကို သရုပ်ဖော်ပြသထားသည်။

'' အရင်တုန်းက ဘိုးဘွားတွေနေခဲ့တဲ့ အဆောက်အအုံ၊ အိမ်ကလေးတွေမှာ ဆုတောင်းတိုင်လေးတွေ စိုက်ထူထားပါတယ်။ တစ်ခုခု ဆိုရင် ဆုတောင်းလေ့ရှိတယ်၊ ကြွေးကြော်လေ့ရှိတယ်'' ဟု ဦးချိန်းရေက ပြောသည်။

ထို့ပြင် ပြခန်းအတွင်း ခင်းကျင်းထားသည့် စင်များပေါ်တွင် ရှေးက အသုံးပြုခဲ့ သည့် ဝါးဖြင့် ပြူလုပ်ထားသည့် ခွက်များ၊ သူရဲကောင်း ဦးထုပ်၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများအသုံးပြုသည့် အသုံးအဆောင်များ၊ လည်ဆွဲများ၊ လက်မောင်းပတ် များ၊ နားကပ်များ၊ အရိုးခေါင်းဆွဲကြိုးများနှင့် ရှေးခေတ် နာဂလူမျိုးတို့ အသုံးပြုခဲ့သည့် သံဖြင့်ပြုလုပ်ထားသော ဒါး ၊ လှံ ၊ လက်နက်များ၊ နာဂရိုးရာ အမှတ်တရ ပစ္စည်းများကို ခင်းကျင်းပြသထားသည်။
'' ပြခန်းထဲမှာ ပြသထားတဲ့ ပစ္စည်းလေးတွေနဲ့ စိတ်ဝင်စားမှုရှိအောင်၊ လေ့လာ ခွင့် ရအောင် တတ်နိုင်သလောက်ပြင်ဆင်ထားပါတယ်။ ပွဲတော်ရက် ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။'' ဟု နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ယဉ်ကျေးမှု ပြခန်းမှ ဦးချိန်းရေက ပြောသည်။
ဗမာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း
မုခ်ဦး အဝင်ဝ တစ်ဖက်တစ်ချက်စီတွင် ကျက်သရေရှိလှသော ဒေါင်းပုံများဖြင့် တန်ဆာဆင်ထားသည့် ဗမာတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ပြခန်း အပြင်အဆင်က ထူးခြားလှပစွာ ဆွဲဆောင်မှုရှိနေသည်။

မြန်မာ့ အနုပညာလက်ရာ ပစ္စည်းများကို ခမ်းနားထည်ဝါစွာ မြင်တွေ့ခွင့်ရ

ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်း၏အလယ်တွင် ကြေးဖြင့် ပြုလုပ် ထားသည့် ကြီးမားလှသည့် အိုး၊ သစ်သားပန်းပုရုပ်တုများ၊ စောင်း စသည့် ပန်းဆယ် မျိုးတွင် ပါဝင်သည့် မြန်မာ့ အနုပညာလက်ရာ ပစ္စည်းများကို ခမ်းနားထည်ဝါစွာ မြင်တွေ့ ခွင့်ရမည်ဖြစ်သည်။
'' ကြေးအိုးကြီးက ပန်းဆယ်မျိုးထဲမှာပါဝင်တဲ့ အနုပညာ လက်ရာ ပစ္စည်းကို ပြသထားတာဖြစ်ပါတယ်။ စောင်းကတော့ မြန်မာတို့ရဲ့ အနုသုခုမ အနုပညာ ပစ္စည်းကို ဖော်ဆောင်ထားတဲ့ အနုပညာပစ္စည်းဖြစ်တဲ့ အတွက် စောင်းကိုလည်း ပြသထားတာ ဖြစ်ပါတယ်'' ဟု ဗမာတိုင်းရင်းသား လုပ်ငန်းရှင်အသင်းမှ ဒုတိယဥက္ကဌ ဦးအောင်ကျော်ဆန်းကပြောသည်။

ထို့ပြင် ပြခန်းအတွင်း ဗမာတိုင်းရင်းသားများ ထုတ်သည့် မြန်မာမှုလက်ရာ များနှင့် အတူ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး ဖြစ်သည့် ပန်းပု၊ ပန်းချီ၊ ပန်းရံ၊ ပန်းတဉ်း၊ ပန်းယွန်း၊ ပန်းပဲ၊ ပန်းတိမ်၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့ ဟူသည်တို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုလေ့လာခွင့်ရမည်ဖြစ်သည်။
'' မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဆိုတာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ဆောင်ရွက် လာတာဖြစ်တယ်။ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးကဏ္ဍက ပျောက်လုဆဲဆဲတောင်ဖြစ်နေ တယ်။ ဒီအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းခြင်တဲ့အတွက် ကျွန်တော်တို့က မြန်မာ့ ရိုးရာ ပန်းဆယ်မျိုးကို မတိမ်ကော မပျောက်ပျက်အောင် ဖော်ထုတ်ပြသတာဖြစ်ပါ တယ်'' ဟု ဗမာတိုင်းရင်းသားလုပ်ငန်းရှင်အသင်းမှ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်ဆန်း ကပြောသည်။
ဆွဲဆောင်မှုရှိစေမည့် မောင်းမကန်ကမ်းခြေပုံစံငယ်
ထို့ပြင် တနသာၤရီတိုင်း ထားဝယ်မြို့ရှိ နာမည်ကျော် မောင်းမကန် ကမ်းခြေ၏ သဘာဝတရားများကို ဖော်ထုတ် ပြသထားသည့် ပုံစံငယ်လေးတွင် ငါးလှမ်းစင်၊ လှေငယ်နှင့် ကမ်းခြေတစ်လျှောက် ပြန့်ကျဲနေသည့် ခရုခွံလေးများ၊ ကမ်းခြေတွင် နားခိုနိုင်သည့် ထီးပုံစံတဲလေးများ ကို ပြခန်းအတွင်း ပြုလုပ်ထားရာ လာရောက်ကြည့် ရှုသူများကို ဆွဲဆောင်မှုရှိစေမည်မှာ အသေအချာပင်ဖြစ်သည်။

ပြခန်းအတွင်း မြန်မာတိုင်းရင်းဆေးဝါးများ၊ ကျန်းမာရေးသုံး ဆားခေါင်းအုံးများ၊ စစ်ကိုင်းတိုင်းမှ လာရောက်ပြသသည့် ကြေးသွန်းလက်ရာပစ္စည်းများ၊ ပခုက္ကူမှ လာရောက်ပြသသည့် ကျန်းမာရေး ညီညွတ်သည့် ဖျော်ရည်များ၊ တွံတေးမှ လာရောက်ပြသသည့် ဝါးထုတ်လုပ်မှု အနုပညာ လက်ရာများ ၊ရန်ကုန်တိုင်းမှ အုန်းဖြင့် ပြုလုပ်ထားသည့် တန်ဖိုးမြင့် ထုတ်ကုန်များ၊ ကျောက်စီပန်းချီကား၊ ပယင်း နှင့် ကျောက်မျက်လက်ဝတ်ရတနာများ၊ ရိုးရာ ချည်ထည်များ၊ ဖိနပ်၊ အဝတ်အထည်နှင့် ငါးခြောက် ငါးခြမ်းရောင်းချသည့် ပြခန်း ဆိုင်ခန်းများ ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ကရင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းသို့ လေ့လာရန် ဝင်ရောက် လိုက်သည်နှင့် ကရင်လူမျိုးတို့ အထွတ်အမြတ် တန်ဖိုးထားရာ မင်္ဂလာဖားစည်နှင့်အတူ မိချောင်းစောင်းကောက်ကြီးက ပြခန်းဝတွင် အသင့် စောင့်ကြိုနေမည်ဖြစ်သည်။
'' အဝင်ဝမှာ ကရင်တွေရဲ့ တူရိယာတွေ အထူးသဖြင့် အမြတ်တနိုးထားတဲ့ ဖားစည် ကျွဲချိုတွေကို ပြထားတယ်။ အမျိုးသားအလံတွေကို ပြသထားတယ်။ ကရင် တူရိယာ စောင်းကိုလည်း အဝင်မှာပြထားတယ်'' ဟု ကရင်တိုင်းရင်းသား ရိုးရာယဉ် ကျေး မှုပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်ကပြောသည်။
ကရင်တိုင်းရင်းသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပုံပြကွက်
ပြခန်းအတွင်း ကရင်ရိုးရာ တေးသံသာများနှင့်အတူ တောင်ပေါ်ဒေသတွင် တွေ့မြင်ရသည့် ဝါးဖြင့် ဆောက်ထားသော ကရင်ရိုးရာတဲအိမ်ကလေးတစ်လုံး၊ ထိုတဲ အိမ်လေးရှေ့တွင် အရင်ဦးဆုံးမြင်ရသည်မှာ ကရင်လူမျိုးတို့ ဆင်းသက်လာရာ သမိုင်း ကြောင်းကို အနုစိတ် ပုံဖော်ပြသထားသည့် ကရင်တိုင်းရင်းသားများ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာပုံပြကွက်ကလည်း စိတ်ဝင်စားစရာပင်။

ကရင် တိုင်းရင်းသားရိုးရာ တဲအိမ်လေးကို အိမ်ဦးခန်း၊ နားနေဆောင်၊ မီးဖို ဆောင်၊ (အတွင်းဆောင်) အပျိုဆောင်များဖြင့် လက်ရှိပြင်ပတွင် တောင်ပေါ်တိုင်းရင်း သား တို့ နေထိုင်သည့်အတိုင်းဆောက်လုပ်ထားပြီး အိမ်ဦးခန်းတွင် ရိုးရာ ဖားစည်အား ပြင်ဆင်ပြသထားသည့်အပြင် တူရိယာပစ္စည်းတစ်ချို့ကိုလည်း ခင်းကျင်းပြသထား သည်။
''လာကြည့်တဲ့လူတွေ တက်ကြည့်လို့ရအောင်လည်း ဆောက်ထားတယ်။ ရည်ရွယ်ချက်က လာတာနဲ့ ကရင်ရွာကို ရောက်သွားသလိုပေါ့။ ကရင်ဒေသကိုရောက် သွားသလို အဲဒီအရသာလေးခံစားစေချင်တယ်''ဟု ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေး မှု ပြခန်း မှ တာဝန်ခံ စောဌေးလင်းအောင်ကပြောသည်။

တဲအိမ်ကလေးအောက်ဘက်တွင် ကရင်လူမျိုးတို့ လုပ်ကိုင်စားသောက်သည့် တောင်ယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆန်ကော၊ ဆန်ကာ နှင့် တောင်ယာသုံး၊ လယ် ယာသုံးပစ္စည်းများ၊ ရေလုပ်ငန်းလုပ်ကိုင်ရာတွင် သုံးသည့် ငါးဖမ်းပိုက်၊ မြုံးများစသည့် ပစ္စည်းများ၊ တောလိုက်ရာတွင်သုံးသည့် ဒူးလေး စသည့် ပစ္စည်းများ၊ ဒေသထွက်ရှိ သည့် သီးနှံများ၊ တောကောင်ပစ္စည်းများကို ချိတ်ဆွဲပြသထားသည်ကို တွေ့ရသည်။
'' စပါးက အဓိက ဆိုတော့ မောင်းထောင်းဆုံတို့၊ ဆန်ကောတို့ အဓိက က တောင်ပေါ်ဒေသက ဝါးနဲ့ နီးစပ်တာဆိုတော့ ဝါးယဉ်ကျေးမှုကို ပိုပြီးတွေ့ရမယ်'' ဟု တာဝန်ခံ စောဌေးလင်းအောင်ကပြောသည်။
ဖိဘီးယော် စပါးစောင့်နတ်သမီး
ကရင်ရိုးရာပြခန်းအတွင်း အနောက်ဘက်တွင် စပါးမောင်းထောင်းဆုံတစ်ခု နှင့် စပါးကျီကို မြင်တွေ့ရမည်ဖြစ်ပြီး အရှေ့တစ်ဆက်တည်းတွင် ဖိဘီးယော် စပါးစောင့် နတ်သမီးကို ပူဇော်သည့် ဝင်းခြံခတ်ထားသည့် တိုင်များကိုလည်း ကရင်လူမျိုးတို့၏ ရိုးရာယုံကြည်မှု တစ်ခုအဖြစ် ဗဟုသုတဖြစ်ဖွယ် မြင်တွေ့နိုင်သည်။
'' လုပ်ကိုင်စားသောက်ပြီးရင် စပါးစောင့်နတ်သမီး ဖိဘီးယော်ကို ပူဇော်ပသလေ့ ရှိ တယ်။ ဒီအချိန်နဲ့လည်း မတိမ်းမယိမ်းဆိုတော့ နတ်သမီးပူဇော်တဲ့ တိုင်ကိုလည်း ထောင်ထားတယ်'' ဟု ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းမှ တာဝန်ခံ စောဌေး လင်းအောင်ကပြောသည်။
ဖိဘီးယော်နတ်သမီးပူဇော်သည့် နေရာအနီးတွင် ရေနွေးချမ်း ဝိုင်းနှင့် အတူထိုင် ရင်း စကားစမြည်ပြောဆိုနေဟန် ကရင်မိသားစုကို ပုံဖော်ထားသည်မှာ လည်း မြင်ရသူအတွက် နွေးထွေးသော မိသားစုမေတ္တာကို အထင်းရှားမြင် တွေ့နိုင်သည်။
ကရင်ရိုးရာ တူရိယာများ
ကရင်ပြခန်းအတွင်း ကရင်ရိုးရာ တူရိယာများဖြစ်သည့် ဝါးဂီတာ၊ စောင်းကောက်၊ ဗျက်စောင်း၊ စောင်းပဒိုး၊ မိကျောင်းစောင်းကြီး၊ သောတူ(တယော)၊ ပဒိုး(ကျွဲချို)၊ မောင်း၊ လင်းကွင်း၊ သစ်သားစည်၊ ဖားတူရိယာ၊ ဖားသုံးဆင့် ၊ စောင်းကောက်၊ ဒုံးကရာတွင် သုံးသည့် အိုးစည်၊ ဘင်၊ ဖားစည်၊ သံစုံ ဝါးပုလွေ၊ ဝါးလုံးပတ္တလား(ပေါ်ကူး) စသည့် ပစ္စည်းများကို စုံလင်စွာ တွေ့ရသည်။
ဖားတူရိယာ
'' ဖားတူရိယာက မိုးခေါင်ရေရှားရင် မိုးရွာလာအောင် အလင်္ကာ၊ ကဗျာတွေ ရွတ် ဆိုပြီးတော့ တီးရင် မိုးကျလာတယ်လို့ အယူအဆတွေရှိတယ်။ ဖားသုံးဆင့်က စည်း လုံး ညီညွတ်တဲ့ အမှတ်တရပေါ့။ အောက်ဆုံးက အဘိုး၊ အပေါ်က အဖေ၊ အပေါ်ဆုံးက သားသမီး တစ်ဦးနဲ့ တစ်ဦး ဖေးမကူညီတယ် စောင့်ရှောက်တယ်ဆိုတဲ့ ရိုင်းပင်းကူညီမှု ကို ပုံဖော်ထားတာပေါ့'' ဟု ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်က ပြောသည်။
ကရင်တိုင်းရင်းသားတို့၏ ပြခန်းအတွင်း ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ကရင်အရေးကို သီးသန့်ထမ်းဆောင်ခဲ့သူများ၊ မြန်မာနိုင်ငံတော်အတွက် တာဝန်ထမ်း ဆောင်ခဲ့သည့် ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများ၊ စာပေနှင့် ယဉ် ကျေးမှုဆိုင်ရာ မှတ်တမ်းများ၊ ကရင်ပြည်နယ်၏ အထင်ကရနေရာ ဓာတ်ပုံမှတ် တမ်းများ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများ၊ ယဉ်ကျေးမှုအကနှင့် ပွဲတော်များ၊ ရိုးရာ ကိုးကွယ်မှုများ၊ မျိုးနွယ်စု ဓာတ်ပုံမှတ်တမ်းများကို လည်း တစ်နေရာ တည်းတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။
ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်က ''ဒီပွဲတော်လုပ်တဲ့အတွက် ကျွန်တော်တို့ ပြခန်းတွေနဲ့ ထည်ထည်ဝါဝါ စုံစုံလင်လင် လေ့လာလို့ရတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှုလည်း ဖော်ပြလို့ရတာပေါ့။ တိုင်းရင်းသား တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ခွင့်ရတော့ ချစ်ကြည်မှုလည်းရမယ်လို့ ထင်ပါ တယ်'' ဟုပြောသည်။
စုစည်းရေးသားသူ- သီသီမင်း/ ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)