ရန်ကုန် ၃၀ ဇန်နဝါရီ
“သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ပွဲတော် ပိတ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ယနေ့ ညနေ ၄ နာရီက ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနာယက ဒေါက်တာ အောင်ထွန်းသက်တို့က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင် နာယက နိုင်သက်လွင်က ဂုဏ်ပြုလက်မှတ်များပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များထံ ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ပြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တအာင်း (ပလောင်)၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က ပွဲတော်ကျင်းပရေးကော်မတီနှင့် ကူညီပံ့ပိုးသည့် လုပ်ငန်းရှင်များထံ ဂုဏ်ပြုမှတ်တမ်းများပေးအပ်၍ ကျေးဇူးတင်စကားပြောကြားကာ ဂီတအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြပြီး ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)