ရန်ကုန် ၂၉ ဇန်နဝါရီ
“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်မှသည် တိုင်းရင်းသားများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့်အတူ ခရီးသွားလာရေးလုပ်ငန်းများနှင့် ဒေသထွက်ကုန်များကို တိုင်းရင်းသားများ အချင်းချင်း ဆက်သွယ်ရောင်းချနိုင်သည့် စီးပွားရေးအခွင့်အလမ်းများ ဖြစ်ပေါ်စေကြောင်း ပြခန်း လာရောက်ဖွင့်လှစ်ရောင်းချသည့် တိုင်းရင်းသားများက ပြောသည်။
“ဒီပြခန်းမှာ ကျွန်တော်တို့ဘက်က ထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ ဘိန်းအစားထိုး စိုက်ပျိုးထားတဲ့ လက်ဖက်တို့ ပျားလိမ္မော်တို့ ရောင်းချပါတယ်။
ကျွန်တော်တို့ဒေသက ကုန်ပစ္စည်းက ရှားပါးပစ္စည်းဖြစ်သလို ပြည်မနဲ့ ထိတွေ့ရောင်းဝယ်ဖောက်ကားလို့ မလွယ်တဲ့ပစ္စည်းဖြစ်တဲ့အတွက် အခုရောင်းခွင့်ရတာ အင်မတန်မှ အားရကျေနပ် စရာကောင်းပါတယ်။ အားပေးတဲ့ တိုင်းရင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဘက်က အများကြီးယူလာချင်တယ်၊ ထွက်ကုန်ပစ္စည်း တော်တော်များများရှိတယ်၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုကြောင့် အဝတ်အစားတွေဆို ရောင်းချဖို့အများကြီးမပါဘူး။ ကျွန်တော်တို့ ရိုးရာလွယ်အိတ်၊ အဝတ်အထည် တွေဆိုရင်လည်း ပြဖို့ပဲပါလာတယ်၊ တစ်ခြားတိုင်းရင်းသားတွေတော့ မသိဘူး “ဝ” လူမျိုး တွေအနေနဲ့ ဒီလိုပွဲကျင်းပပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်မှာ ပါဝင်ခွင့်ရတာကို ဂုဏ်ယူပါတယ်၊ ကျွန်တော်တို့ “ဝ” ဆိုတာက ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းစဉ်လာတွေနဲ့ ရပ်တည်နေတယ်ဆိုတာကို ပြသခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူပါတယ်” ဟု “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြခန်းတာဝန်ရှိသူ အိုက်ဥက ပြောသည်။
“ကျွန်မတို့အဖွဲ့က သံတောင်ကပါ ကျွန်မတို့က အောဂဲနစ်ကော်ဖီစစ်စစ်နဲ့၊ လက်ဖက်စို၊ လက်ဖက်ခြောက်၊ စပျစ်ဝိုင်အော်ဂဲနစ်စစ်စစ်တွေ၊ သံတောင်ကြီး ကော်ဖီတွေထုတ်ပါတယ်၊ ဖာလာ၊ ကွမ်းသီးလည်းထွက်ပါတယ်၊ ကျွန်မတို့ ငယ်ငယ်လေးလောက်ကပဲ သွေးချင်းတွေတွေ့ဖူးတာ ကြုံဖူးတာပါ၊ ရိုးရာစားသောက်ကုန်တွေ ဖော်ထုတ်ခွင့်ရလို့ သိပ်ပျော်ပါတယ်၊ ကရင်ပြည်နယ် တောင်ပေါ်မြို့ကနေလာပြီး ရောင်းချခွင့်ရတာ အမျိုးသမီးတွေ အနေနဲ့ဝမ်းသာပါတယ်၊ သံတောင်ကြီးကော်ဖီက အင်္ဂလိပ်ခေတ်က သိပ်ကောင်းလို့ နံပါတ်တစ်ပဲ၊ ဒီလိုပွဲတွေ နှစ်စဉ်လည်း ကျင်းပပေးစေချင်ပါတယ်၊ အခုအချိန်မှာဆိုရင် Community Base Tourism ကို သွားတဲ့အခါကျတော့ ပြည်သူတွေလည်း ဒီအကျိုးအမြတ်ကို ခံစားရတယ်၊ လာတဲ့ဧည့်သည်တွေလည်း ပျော်ရွှင်ကြပါတယ်၊ ကျွန်မတို့လည်း ထုတ်ကုန်တွေ ရောင်းချရတဲ့အတွက် ဝမ်းသာပါတယ်၊ သံတောင်ကြီးဒေသက ကရင်ပြည်နယ်ရဲ့ မြောက်ဖက်မှာရှိတယ်၊ လာရောက်လည်ပတ်မယ်ဆိုရင် ရေတံခွန်တွေ၊ ကော်ဖီခြံတွေရှိတယ်၊ တောင်ပေါ် ခရီးလမ်းလျှောက်လို့ရတယ်၊ အခုပွဲကနေ တခြားတိုင်းရင်းသားတွေရဲ့ ထုတ်ကုန်တွေကိုလည်း ပိုသိရတယ်၊ ကျွန်မတို့ တောင်ပေါ်ဒေသမှာဆို ငါးပိ၊ ငါးခြောက်မရှိတော့ တခြားဒေသ တိုင်းရင်းသားတွေဆီကနေ ချိတ်ဆက်ဝယ်ယူပြီး ပြန်ပြီးဖြန့်ချိနိုင်ပါတယ်၊ သံတောင်ကော်ဖီကို ထိုင်းနိုင်ငံချင်းမိုင်က တစ်ဆင့် အမေရိကအထိ ပြည်ပတွေကိုလည်း တင်ပို့နေပါပြီ” ဟု မမာမာချို (သံတောင်ကြီးအမျိုးသမီးအဖွဲ့) ကပြောသည်။
အဆိုပါပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ”၊ ကိုးကန့်၊ တအာင်း(ပလောင်)၊ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေးခုအပါဝင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုးတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ ဒေသထွက်ကုန်များ၊ ရိုးရာအဝတ်အထည်များ၊ တိုင်းရင်းသားခရီးသွားဒေသများကို ပြသရောင်းချလျက်ရှိသည်။
သတင်း - သန့်ဇင်ဝင်း၊ ဓာတ်ပုံ-လှမိုး