ကျောင်းကုန်း ၁၃ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းကို ယနေ့နံနက် ၇ နာရီက တစ်ပြိုင်နက်တည်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ကျောင်းကုန်းမြို့တွင် အခြေခံပညာကျောင်း ၁၉၀၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂ ကျောင်း စုစုပေါင်း ၁၉၄ ကျောင်းတွင် အဘိတ် Abate ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် Community Based Facility Quarantine (CBFQ) အဖြစ် အသုံးပြုခဲ့သော အခြေခံပညာကျောင်းများကို ကလိုရင်းဆေးဖြင့် ပိုးသတ်ဆေးဖျန်းကာ ပညာရေးဌာနသို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


