လှိုင်းဘွဲ ၇ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့က နောင်သငဲ့ကျေးရွာနှင့် ကျောက်တောင် ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ပေါက်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လှိုင်းဘွဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက ခြင်သန္ဓေသားလောင်းများဖြစ်သည့် ပိုးလောက်လန်းများ မျိုးပွား ရှင်သန်မှု မရှိစေရန် ဘုရားညောင်ရေအိုးများ၊ ရေတွင်းရေကန်များ၊ ရေနုတ်မြောင်းများ စသည့်နေရာများတွင် ခြင်များပေါက်ပွားနိုင်သဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းများ ရှာဖွေခြင်း၊ နေအိမ်များ၌ ပုံမှန်အသုံးပြုလျက်ရှိသော ရေလှောင်ကန်၊ ရေစင်၊ ရေပုံးများ၊ ရေစည်၊ ရေအိုးများတို့တွင် ပိုးလောက်လန်များ ပေါက်ဖွားနိုင်သည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)