လှိုင်းဘွဲ ၁ ဇွန်
မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများပြည်သူသုံး ရေတွင်းရေကန်များနှင့် နေအိမ်များသို့ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများ လိုက်လံထည့်ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ချက်များကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေး ကာကွယ်ခြင်းလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်ပြည်သူ့ ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး၊ မြိုင်ကြီးငူတိုက်နယ် ဆရာဝန် ဒေါက်တာသန်းထိုက်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပိုးလောက်လန်းများ ပေါက်ဖွားနှုန်း မရှိစေရေးအတွက် ကျေးရွာအတွင်း ပြည်သူသုံးရေတွင်း၊ ရေကန်များအား အဘိတ်ဆေးများထည့်ခြင်း၊ နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးများ လိုက်လံဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်းနှင့် နေအိမ်ဘေး ပတ်ဝန်းကျင်များကို အမြဲမပြတ် သန့်ရှင်းရေးပြုလုပ်ကြရန် ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


