ဟိုပုံး ၁၅ ဇွန်

 

မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိရာ ခြင်မှတဆင့်ကူးစက်သော ရောဂါများ ပျံ့နှံ့ကူးစက်မှု မဖြစ်ပွားစေရေးအတွက် အပတ်စဉ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သော ပိုးလောက်လန်း နှိမ်နှင်းခြင်း၊ (ဖုံး၊ သွန်၊ လဲ၊ စစ်၊…) ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် ၈ နာရီမှ စတင်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ပေါ်(၆)ရပ်ကွက်သို့ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

1

 

သွေးလွန်တုပ်ကွေးရောဂါကို မိဘပြည်သူများအတွင်း ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ဟိုပုံးမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများသည် ဟိုပုံးမြို့၊ မြို့ပေါ်(၆)ရပ်ကွက်ရှိ မိဘပြည်သူများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် ရေတွင်း၊ ရေလှောင်ကန်များ၊ ရေစည်များ၊ နေအိမ်ပတ်ဝန်းကျင်ရှိ အိုးခွက်၊ တာယာဟောင်းများပါ မကျန် စစ်ဆေးခြင်းများနှင့် ပိုးလောက်လန်းမဖြစ်ပွားစေရေးအတွက် ပိုးလောက်လန်း သေစေသည့် ဆေးများထည့်ပေးခြင်းတို့ဆောင်ရွက်ကာ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကျန်းမာရေး အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် သစ်ပင်မျိုး(၈)မျိုးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကာ  မြို့နယ်မီးသတ်ဦးစီးဌာနမှလည်း အိမ်တိုင်ရာရောက် မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အပတ်စဉ်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နေမှုများသို့ ဟိုပုံးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ၂၀၁၉ ခုနှစ် ဇွန် ၉ ရက်နေ့မှ စတင်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်အထိ စနေနေ့တိုင်း ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထက်ထက်(ဟိုပုံး)