နေပြည်တော် ၇ ဇွန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော သေနတ်ပစ်နည်းပြ/ အုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်(၉)နာရီ တွင် Multipurpose Hall ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သေနတ်ပစ်အားကစားနည်းသည် အခြား အားကစားနည်းများနှင့် မတူပဲ အဆောက်အဦပိုင်း၊ လက်နက် ခဲယမ်းပိုင်း၊ အထောက်အကူပိုင်းနှင့် နည်းစနစ်/နည်းပြပိုင်းတွင် ကုန်ကျစရိတ်များပြီး တားမြစ်ချက် အများဆုံး အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ အကြောင်းရင်းမှာ လူကို အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက် များဖြင့် ပြိုင်ပွဲပြုလုပ်ထားပြီး သေနတ်ပစ်နည်းစနစ်များနှင့်ပတ်သက်၍ ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲနေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ သေနတ်ပစ်အဖွဲ့ချုပ်များ၏ နည်းစနစ်များကို Internet မှတစ်ဆင့် လေ့လာကြစေလိုကြောင်း၊ မျိုးဆက်သစ် အားကစားသမားများမွေးထုတ်ရာတွင်လည်း မိမိတို့ မိသားစုသွေးရင်းသားရင်းသဖွယ် ပြုစုပျိုးထောင်ပေး ရမည်ဖြစ်ပါကြောင်း၊ မိမိတတ်ကျွမ်းသော နည်းစနစ်၊ နည်းပညာပိုင်းတွေ သာမက နေ့စဉ်တိုးတက် ပြောင်းလဲနေသော နည်းစနစ်တွေကို အမှီလိုက်ကာ မိမိတို့ တတ်ကျွမ်းထားသော အုပ်ချုပ်မှု နည်းပညာ များဖြင့် စံနမူနာထား၍ မိမိတို့ အားကစားသမားများကို သင်ကြားအုပ်ချုပ်ပြီး သေနတ်ပစ် အားကစားနည်း ဖြင့် နိုင်ငံတော်အတွက် အောင်မြင်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်စေ လိုကြောင်း မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက သင်တန်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
အဆိုပါ သေနတ်ပစ်အားကစားနည်းပြ/အုပ်ချုပ်သူသင်တန်း (၁/၂၀၁၉)တွင် သင်တန်းသား(၃၁)ဦး၊ သင်တန်းသူ(၁၅)ဦး စုစုပေါင်း (၄၆)ဦးတို့ တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ ဇွန် ၃ ရက်မှ ၇ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
