မေ   ၆

တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုသူများပြားခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ SEOBOK ကို ဂျပန်နိုင်ငံမှာ ပြသသွားမှာဖြစ်ကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဟာ သိပ္ပံရုပ်ရှင်အမျိုးအစား ဖြစ်ပြီး တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသား နှစ်ဦး ဖြစ်တဲ့ ဝန်ယိုးနဲ့ ပါ့ခ်ဘိုဂန်းတို့ တွဲဖက်ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ယင်းရုပ်ရှင်ကို တိုကျိုမှာ ဇူလိုင် ၁၆ ရက်မှာ စတင်ပြသသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဂျပန်နိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ပြသရာမှာ ရုပ်ရှင်အမည်နဲ့ စာတန်းထိုးတာတွေကို အင်္ဂလိပ်လို ပြောင်းလဲထုတ်လွှင့် သွားမှာပါ။ အဆိုပါရုပ်ရှင်ကို နိုင်ငံခြားမှာ ပြသခြင်းဟာ ဂျပန်နိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ ၎င်းကို ပြသဖို့ရာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံနဲ့ဒေသ ၅၆ ခုကို ရောင်းချခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်