ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုး ရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှတော့မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက် အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံး ကူညီပေးနိုင်စေဖို့အတွက် သွေးပါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။

 

သွေးပေါင်ကျတယ်ဆိုတာ

 

သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက် လျော့နည်းနေတဲ့အနေအထားပါ။ အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့ သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင် မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

လက္ခဏာတွေက

 

သွေးပေါင်ကျတာက သွေးတိုးတာလောက်တော့ လက္ခဏာတွေ သိသိသာသာပြတာမျိုး မရှိတတ်ပါဘူး။ ဒါပေမယ့် လုံးဝလက္ခဏာမရှိတာမျိုးတော့ မဟုတ်ပါဘူး။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

 

  • ခေါင်းထဲကမူးနောက်နောက်ဖြစ်နေမယ်
  • ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ်
  • ထိုင်ရကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေ ထိုင်လိုက်ရင်ဖြစ်ဖြစ် ခေါင်းထဲကနေ မိုက်ခနဲမူးမယ်
  • ကတုန်ကယင်ဖြစ်မယ်
  • အိပ်ချင်နေမယ်
  • ချွေးစေးတွေပြန်မယ်
  • ကယောင်ကတမ်းပြောမယ်
  • ခြေလက်တွေမသယ်ချင်ဖြစ်မယ်
  • ခြေဖျားလက်ဖျားနဲ့ အသားတွေ အေးစက်မယ်
  • အသက်ရှုရခက်လာမယ်
  • အသက်ရှုနှုန်းကျလာမယ်။

 

ပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲ

 

သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအနေနဲ့

 

  • ရုတ်တရက်သတိလစ်တာ
  • လေဖြတ်တာ
  • ရုတ်တရက်နှလုံးရပ်တာ
  • ကျောက်ကပ်ပျက်စီးတာလိုမျိုး ကျန်းမာရေးအခြေအနေတွေကို ခံစားရနိုင်ပါတယ်။

 

သွေးပေါင်ကျနေသူကို ဘယ်လိုအရေးပေါ်ပြုစုပေးမလဲ

 

သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။

 

သက်တောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင် အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှုခိုင်းပါ။

 

ဓာတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓာတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓာတ်ဆားရည်၊ သီးစုံဓာတ်ဆားနဲ့ အခြားသော ခန္ဓာကိုယ်အတွက် ဆားဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးတဲ့ သောက်စရာလေးတွေကို တိုက်ပေးပါ။ အုန်းစိမ်းရည် တိုက်ပေးလို့လည်းရပါတယ်။  ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ ဆီးချိုရှိတဲ့သူဆိုရင်တော့ အချိုဓာတ်လုံးဝမပါတဲ့ ဓာတ်ဆား၊ ဒါမှမဟုတ် အုန်းစိမ်းရည်က အသင့်တော်ဆုံးပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။

 

ရေတိုက်ပါ – ဓာတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်း ထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကို လည်း တိုးတက်စေနိုင်ပါတယ်။

 

ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကို စားခိုင်းပေးပါ။

 

ပြီးရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ သွေးပေါင်ချိန်က အမြဲလိုလိုတိုင်းသင့်ပါတယ်နော်။ နောက်တစ်ချက်သတိထားရမှာက လူတစ်ယောက်နဲ့တစ်ယေက်မှာ သွေးတိုးတဲ့ ပမာဏချင်းမတူနိုင်လို သွေးပေါင်ကျတဲ့ အခြေအနေချင်းလည်း ကွာခြားနိုင်ပါတယ်။ အချို့လူတွေက သွေးပေါင်ချိန် အပေါ်သွေး ၁၁၀ mmHg အောက်သွေး ၆၀ mmHg ဖြစ်တာတောင်မှ သွေးပေါင်ကျတဲ့ လက္ခဏာတစ်စုံတရာ မခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်တယ်ဆိုရင် အစားအသောက်အနေအထိုင်ကို သေချာဂရုစိုက်ပြီး ဖြစ်လာခဲ့ရင်လည်း အမြန်ဆုံးဆရာဝန်နဲ့ သွားရောက်ပြသဖို့အကြံပြုပါရစေ။

 

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

MDN