အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုသလို ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်နည်းတက ကိုယ်ခံအားကို ထိခိုက်စေနိုင်တာကြောင့် မကောင်းဘူးဆိုပေမယ့် သွေးဖြူဥဆဲလ်တွေများလွန်းတာကလည်း ခန္ဓာကိုယ်မှာရောဂါတွေခံစားလာရနိုင်ခြေတိုးစေနိုင်ပါတယ်။ သွေးဖြူဥများနေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။

သွေးဖြူဥဆိုတာ ဘာလဲ…….

သွေးဖြူဥဆိုတာက ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေထဲမှာပါဝင်နေတဲ့ သွေးနီဥ၊သွေးဥမွှား၊ သွေးဆဲလ်တွေလိုမျိုး သွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။

သွေးဖြူဥတွေက ကိုယ်တွင်းကို ပြင်ပကရောဂါတွေ ဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတယ်။ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။

ဘယ်လိုအခြေအနေကို သွေးဖြူဥများတယ်လို့ဆိုတာလဲ…………

သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။

ပုံမှန်ရှိသင့်တဲ့ ပမာဏ –  ၃၅၀ဝ ကနေ ၁၀၅၀ဝ  per microliter

ပမာဏနည်းနေတယ်ဆိုရင် – ၄၅၀ဝ per microliter  ထက်နည်းနေတာ

ပမာဏများနေတယ်ဆိုရင် – ၁၁၀ဝ၀ per microliter ထက်များနေတာပါ။

သွေးဖြူဥများရင် ဘာဖြစ်မှာလဲ………

လေ့လာမှုတွေအရကတော့ သွေးဖြူဥများတဲ့ အမျိုးသား နဲ့ အမျိုးသမီးတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ အရွယ်မတိုင်ခင် နှလုံးရောဂါကြောင့်သေဆုံးနိုင်ခြေကလည်း တော်တော်လေးများနေတာပါ။ နောက်တစ်ချက်က သွေးဖြူဥများလွန်းတာဟာ ခန္ဓာကိုယ်မှာ ကင်ဆာခံစားရနိုင်ခြေ များနေတယ်ဆိုတဲ့ သဘောလည်းသက်ရောက်နေပါတယ်။

သွေးဖြူဥများနေတယ် ဘာစားရမလဲ……..

ခန္ဓာကိုယ်မှာ သွေးဖြူဥပမာဏက လိုတာထက် ပိုများနေတဲ့အခါ ဒါလေးတွေကို စားသုံးပေးနိုင်ပါတယ်။

ဗီတာမင် C – ဗီတာမင် C စားသုံးမှုက ကိုယ်တွင်းက သွေးဖြူဥဆဲလ်ပမာဏတွေကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ်များနေမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ သင်္ဘောသီး၊ ဘယ်ရီသီး၊ မာလကာသီး၊ နာနတ်သီး၊ သံပရိုသီး၊ သံပရာသီးတို့ကို စားသုံးပေးလို့ရပါတယ်။ ဒါတွေအပြင် ဗီတာမင် C ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ငရုတ်ပွတို့ကိုလည်း စားသုံးပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ – ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ free radicals တွေကို ထိန်းညှိပေးနိုင်ပါတယ်။ free radicals တွေကြောင့် ကိုယ်တွင်းက ပရိုတင်းတွေ၊ ဆဲလ်တွေနဲ့ DNA တွေ မပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးဖြူဥတွေများလို့ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ စပျစ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။

Omega-3 Fatty Acids – ခန္ဓာကိုယ်အတွင် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ အစားအသောက်တွေကနေတစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပြီး  ပြင်ပကဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီအဆီဓာတ်ကို ပင်လယ်ငါး၊ ထရောက်ငါး၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့၊ သစ်ကြားသီးတို့ကနေရရှိနိုင်ပါတယ်။

သွေးဖြူဥအရေအတွက်က ရှိသင့်တာထက်များနေသူတွေအနေနဲ့ အချိုကဲတဲ့အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေနဲ့ အငန်ကဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”