သွေးသန့်အလှူရှင်ကို  ဘယ်လိုရှာကြမလဲ

၁ ဇူလိုင်

 

အရေးပေါ်သွေးသွင်းကုသဖို့ လိုအပ်သည့်အချိန်တွင် သွေးသန့်အလှူရှင်ရရှိရန် လိုအပ်၏။ ထိုအချိန် လူနာရှင်မိသားစုမှာ သောကဗျာပါဒနှင့် သွေးရရှိရေးအတွက် စိတ်ပန်းလူပန်းဖြစ်ကြရ၏။ ရရာသွေးလှူရှင် ရရာသွေးဖြင့် သွေးသွင်းကုသကြမည်လား။ ဖတ်ဖူးကြားဖူးသည်က သွေးမသန့်လျှင် သွေးကတစ်ဆင့်ရောဂါကူးစက်ခံနိုင်၏။ ပြင်ပတွင် သွေးတစ်ပုလင်းကို လေးငါးသောင်းပေးဝယ်ရ၏။ ဒါကလည်း စိတ်ချရပါ၏လား။

 

မခိုင်လုံသောဆုံးဖြတ်ချက်ကို ရုတ်တရက်ချပြီး မိမိ၏လူနာအသက်ရှင်သန်ရေးအတွက်  ရတက်မအေးရသည့်  လူနာရှင်မိသားစု၏အဖြစ်က  ရင်နင့်စရာဖြစ်သည်။

 

သွေးသန့်ရရှိရေးသည် အဓိကလိုအပ်ချက် 


သွေးသွင်းကုသရာတွင် အဓိကလိုအပ်ချက်မှာ အန္တရာယ်ကင်းစင်သော သွေး သို့မဟုတ် ရောဂါပိုးမပါသောသွေး သို့မဟုတ် သွေးသန့်ရရှိရေးပင်ဖြစ်၏။ ဆေးဘက်ဆိုင်ရာများအနေဖြင့် ယင်းသို့ သွေးသန့်ရရှိရေးကို အလေးထားစစ်ဆေးကြသော်လည်း အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကဲ့သို့ ကူးစက်ရောဂါအချို့ကိုမူ အရေးပေါ် အခြေအနေများတွင် စစ်ဆေးရန် စိန်ခေါ်မှုများရှိနေသေး၏၊ ယနေ့တိုင်အတု မပြု လုပ်နိုင်သေးသောသွေးကို  အသက်ရှင်လျက်ရှိသော လူကိုယ်ခန္ဓာအတွင်းမှသာ ထုတ်ယူရရှိနိုင်သည်ဖြစ်ရာ အရေးပေါ်  သွေးလိုအပ်မှုအတွက် သွေးလှူရှင်များကိုသာ ရှာဖွေရမည်ပင်ဖြစ်သည်။

 

သွေးဖြင့်အသက်ကယ်ရန်အတွက် သွေးလှူရှင်များကို အားကိုးရသည်မှန်သော်လည်း မျက်မှောက်ခေတ်အတွက် သွေးလှူရှင်တိုင်း သွေးသန့်အလှူရှင်မဖြစ်နိုင်တော့ပါ။ သွေးလိုအပ်သူတိုင်း သွေးသန့်အလှူရှင်(ကူးစက်ရောဂါပိုးကင်းစင်သောသွေးလှူရှင်) ကိုသာ ရှာဖွေရမည်ဖြစ်သည်။

 

သွေးလှူရှင်များကို လေ့လာကြည့်ပါက သုံးမျိုးတွေ့ရ၏။ ပထမအမျိုးအစားမှာ အစားထိုးလှူဒါန်းသော မိသားစုဝင် (သို့) မိတ်ဆွေသွေးလှူရှင်များ။ ဒုတိယအမျိုးအစားမှာ အခကြေးငွေဖြင့်လှူဒါန်းသော စီးပွားရေးသွေးလှူရှင်များနှင့် တတိယ အမျိုးအစားမှာ မိမိဆန္ဒအလျောက် အခကြေးငွေမယူဘဲ လှူဒါန်းသော သွေးလှူရှင် များဖြစ်၏။

 

အဆိုပါသွေးလှူရှင်  သုံးမျိုးအနက်   သွေးကိုရောင်းချပြီး  အသက်မွေးဝမ်း ကျောင်းပြုသူများ၊ ဝင်ငွေ ရရှိရေးအတွက် သွေးကိုရောင်းစားသူများမှာ ကူးစက် ရောဂါဖြစ်စေနိုင်သည့် ဘေးအန္တရာယ်အများဆုံး ပုဂ္ဂိုလ်များဖြစ်၏။ ၎င်းတို့ သွေးလှူပေးခြင်းမှာ အသက်ကယ်လိုမှုအတွက်မဟုတ်ဘဲ ငွေကြေးရယူလိုမှုအတွက်ဖြစ်၏။ ထိုသူတို့အနေဖြင့် သွေးပေးလှူရန် မသင့်လျော်သောအခြေအနေ ရှိနေသော်လည်း ထုတ်ဖော်ပြောကြားမည့် အလားအလာနည်းပါး၏။ ယင်းလှူဒါန်းသောသွေးဖြင့် သွေးသွင်းကုသရာတွင် ရောဂါကူးစက်မှုနှုန်းအမြင့်မားဆုံးဖြစ်သည်။

 

မိသားစုဝင် သို့မဟုတ် မိတ်ဆွေသွေးလှူရှင်များထံမှ ရရှိသောသွေးသည် အခကြေးငွေဖြင့် လှူဒါန်းသူများ၏သွေးထက်နှိုင်းစာလျှင် ပိုမိုဘေးအန္တရာယ်ကင်းရှင်း နိုင်သော်လည်း၊ ရာနှုန်းပြည့်ဘေးအန္တရာယ် ကင်းရှင်းမည်ဟု  မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မိမိ၏စိတ်ဆန္ဒမပါဘဲ မိသားစု မိတ်ဆွေအပေါင်းသင်း၏ တိုက်တွန်း ဖိအားပေးမှုကြောင့်လှူရသည့်အတွက် မိမိ၏ကျန်းမာရေးအခြေအနေ၊ အန္တရာယ် များပြားသောအပြုအမှုများကို  ထုတ်ဖော်ပြောကြားခြင်း  မပြုကြသောကြောင့် ဖြစ်သည်။

 

အန္တရာယ်ကင်းသော သွေးအလှူရှင်များ


မိမိဆန္ဒအလျောက် အခကြေးငွေမယူဘဲ ပုံမှန်သွေးပေးလှူနေသူများမှာ ဘေးအန္တရာယ်ကင်းရှင်းသော  သွေးလှူရှင်များဖြစ်၏။ ပုံမှန်သွေးလှူဒါန်းနေသည့်အတွက် ကျန်းမာရေးနှင့်သွေးကို ပုံမှန်စစ်ဆေးခံထားရသူများဖြစ်၏။ စေတနာ သွေးလှူရှင်များဖြစ်ကြ၏။ သွေးသွင်းကုသရန် လိုအပ်နေသူများအတွက် သွေးသန့်အလှူရှင်ကိုရွေးချယ်ရာတွင် ပုံမှန်လှူဒါန်းနေသော စေတနာသွေးလှူရှင်ကိုသာ ရွေးချယ်သင့်ပါသည်။

 

စေတနာသွေးလှူရှင်ဆိုသည်မှာ သွေး သို့မဟုတ် သွေးအစိတ်အပိုင်းများကို မိမိ သဘောဆန္ဒအရ  ပေးလှူပြီး ထိုသို့ပေးလှူသည့်အတွက် ငွေသားဖြစ်စေ၊ ငွေကြေး အစားထိုးဟုယူဆနိုင်သော ပစ္စည်းဖြစ်စေ၊  တစ်စုံတစ်ရာ အခကြေးငွေဖြစ်စေ မရရှိသော သွေးလှူရှင်ကိုခေါ်သည်။

 

၂၀ဝ၈ မှ ၂၀၁၃ ခုနှစ်အတွင်း ၁၅၉ နိုင်ငံ၏ ပေးပို့သောစာရင်းများအရ စေတနာအလျောက် အခကြေးငွေမယူဘဲ သွေးလှူဒါန်းမှု ၁၀ ဒသမ ၇ သန်းရှိခဲ့ရာ၊ ၇၅ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှဒေသ၊ ၃၇ ရာခိုင်နှုန်းမှာ အာဖရိကဒေသတို့ဖြစ်၏။ သွေးလှူရှင်စာရင်းအရ ၅ ဒသမ ၃ သန်းမှာ အရှေ့တောင်အာရှ ဒေသမှဖြစ်ပြီး ၂ ဒသမ ၂ သန်းမှာ အနောက်ပစိဖိတ်ဒေသတို့မှဖြစ်၏။ သွေးစုဆောင်းရရှိမှုတွင် ၉၀ ရာခိုင်နှုန်းမှာ   စေတနာအလျောက်လှူဒါန်းမှုဖြစ်၏။   စေတနာအလျောက် လှူဒါန်းမှုတွင် ဝင်ငွေများသောနိုင်ငံများက ၃၉ ရာခိုင်နှုန်း၊ အလယ်အလတ်ဝင်ငွေ ရှိသော နိုင်ငံများက ၂၆ ရာခိုင်နှုန်း၊ ဝင်ငွေနည်းသောနိုင်ငံများက ၉ ရာခိုင်နှုန်းဖြစ်၏။  သို့သော်လည်း ၇၁  နိုင်ငံတွင် သွေးလှူဒါန်းမှုနှင့်ဖြန့်ဖြူးမှု ၅၀ ရာခိုင်နှုန်းကို မိသားစုဝင် ဆွေမျိုးမိတ်ဆွေများနှင့် အခကြေးငွေပေးရသူများကို အားကိုးနေရဆဲဖြစ်၏။ ၂၀၁၃ ခုနှစ်အတွင်း ၂၄ နိင်ငံ စာရင်းများအရ သွေးလှူဒါန်းမှုစုစုပေါင်း ၁၆၅၀ဝ၀ဝ ခန့်မှာ အခကြေးငွေပေးခဲ့ရကြောင်း ဖော်ပြထားသည်။

 

ယနေ့ကမ္ဘာတွင် စေတနာအလျောက် အခကြေးငွေမယူဘဲ သွေးလှူဒါန်းမှုကို စည်းရုံးလုပ်ဆောင်နေကြသော အဖွဲ့အစည်းများဖြစ်သည့် ၁၉၂ နိုင်ငံပါဝင်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)၊နိင်ငံ ၁၉၀ ပါဝင်သော အပြည်ပြည်ဆိုင်ရာ  ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း  (IFRC) ၊ နိင်ငံ ၅၀ ပါဝင်သော  နိုင်ငံတကာသွေးလှူရှင်အဖွဲ့များ ဖက်ဒရေးရှင်း (FIBDO)၊ နိုင်ငံတကာသွေး သွင်းကုသမှုအဖွဲ့ (ISBT)တို့က စေတနာရှင်တို့၏ မွန်မြတ်သော အလှူဒါနကို အသိအမှတ်ပြုရေး အထိမ်းအမှတ်နေ့တစ်နေ့ သတ်မှတ်ဂုဏ်ပြုရန်စဉ်းစားခဲ့ကြ၏။ ၁၉၇၅ ခုနှစ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေးညီလာခံက အခကြေးငွေမယူဘဲ စေတနာအလျောက် သွေးလှူဒါန်းမှုအပေါ်အခြေခံကာ မိမိတို့နိုင်ငံအလိုက် နိုင်ငံ တော်အဆင့်   သွေးဝန်ဆောင်မှုလုပ်ငန်းများကို   ဆောင်ရွက်ကြရန်တိုက်တွန်းခဲ့သည်။

 

နိုင်ငံတကာမှ ပါဝင်ဆင်နွှဲကြစေရန် ရည်ရွယ်


၂၀ဝ၀ ပြည့်နှစ် ကမ္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်ဖြစ်သော Blood Safe Li- ves, Safe Blood start with me ဆောင်ပုဒ်ကိုအခြေခံကာ ရွေးချယ်ရန် ရည်ရွယ်ခဲ့ကြ၏။ ထိုသို့ရွေးချယ်ရာတွင် အေ၊ ဘီ ၊ အို  သွေးအုပ်စုကို ရှာဖွေတွေ့ရှိခဲ့သူ နိုဘယ်ဆုရှင် ကားလန်စတိန်းနား (Karl Landsteiner)၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ (World Blood Donor Day) အဖြစ်  သတ်မှတ်ရန်ဆုံးဖြတ်ခဲ့၏။  အဆိုပါနေ့သည်  မိမိတို့နိုင်ငံများအလိုက် သတ်မှတ် ထားသော သွေးလှူရှင်နေ့ကို အစားထိုးရန်ရည်ရွယ်ခြင်း မဟုတ်ဘဲ နိုင်ငံတကာပါဝင် ဆင်နွဲနိုင်ရန် ရည်ရွယ်ခဲ့သည်။

 

၂၀၁၂ ခုနှစ်မှစတင်ပြီး နှစ်စဉ် ဆောင်ပုဒ်တစ်ခု နိုင်ငံတစ်နိုင်ငံကိုရွေးချယ်ပြီး ကမ္ဘာ့လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ရာ ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယား၊ ၂၀၁၃ ခုနှစ်တွင် ပြင်သစ်၊ ၂၀၁၄ ခုနှစ်တွင် သီရိလင်္ကာ၊ ၂၀၁၅ ခုနှစ်တွင် တရုတ်၊ ၂၀၁၆ ခုနှစ်တွင် နယ်သာလန်၊ ၂၀၁၇ ခုနှစ်တွင် ဗီယက်နမ်၊ ၂၀၁၈ ခုနှစ်တွင် ဂရိနိုင်ငံတို့တွင်ကျင်းပခဲ့၏။ ၂၀၁၉ ခုနှစ် ယခုနှစ်တွင် ရဝမ်ဒါနိုင်ငံ ကိုင်ဂါလီမြို့တွင် ကျင်းပခဲ့သည်။

 

ယနေ့ချိန်ခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သွေးသွင်းကုသမှုများ အန္တရာယ်ကင်းရှင်းစေရန်အတွက် စေတနာသွေးလှူရှင်များပေါ်ပေါက်ရေးကို စည်းရုံးဆောင်ရွက်နေကြ၏။ အလားအလာရှိသူများအားလည်း ရောဂါကူးစက်မှု ဖြစ်စေတတ်သည့် အပြုအမူများကိုရှောင်ကြဉ်ကြရန်နှင့် အန္တရာယ်ဖြစ်စေသော အပြုအမူ တစ်စုံ တစ်ရာ ပြုလုပ်ထားမိပါက သွေးလှူဒါန်းမှု မပြုကြရန် ပညာပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံတွင်လည်း အမျိုးသားသွေးဌာနအနေဖြင့် ဆေးရုံများတွင် သွေးသွင်း ကုသမှုအတွက် လိုအပ်သောသွေးကို ပုံမှန်လှူဒါန်းနေကြသော စေတနာသွေးလှူရှင်များထံမှ စုဆောင်းလျက်ရှိ၏။ ထို့အပြင် စေတနာသွေးလှူရှင်အဖွဲ့များကလည်း ပုံမှန်  သွေးလှူဒါန်းမှုများကိုပြုလုပ်နေကြ၏။ အရေးပေါ်သွေးသွင်း  ကုသမှုများအတွက် ပုံမှန်လှူဒါန်းနေသည့် စေတနာသွေးလှူရှင်များကိုရှာဖွေခြင်းဖြင့် အန္တရာယ် နည်းပါးသော သွေးသန့်ကို ရှာဖွေရရှိနိုင်မည်ဖြစ်သည်။    

 

တက္ကသိုလ်ဇော်ထူးဦး