၉ ဇွန်

 

သွေးတိုးတယ်ဆိုတိုင်း ဆေးသောက်ရတော့မှာပဲဆိုပြီး စိတ်ညစ်နေပြီလား။ သွေးတိုးရှိတယ်။ ဒါပေမယ့် ဆေးမသောက်ချင်ဘူးဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။

 

သွေးတိုးတယ်ဆိုတာ

 

သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလို ရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။

 

သွေးတိုးတယ်ဆိုတာက သွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့ အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင် လေဖြတ်တာအထိ ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hg ဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hg ကျော်နေမယ်၊ အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင် သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ ဆိုရပါမယ်။ သွေးအရမ်းတိုးတာက သွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သွေးကြောတွေ ရောင်ရမ်းလာပြီး သွေးယိုစိမ့်တာ ဒါမှမဟုတ် သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။

 

ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ……….

 

သွေးတိုးလာပြီဆိုရင်

 

သွေးတိုးလာတဲ့အခါ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်း ကျသွားပါမယ်။ ဒီလိုအခြေအနေမျိုးမှာ

•           မအီမသာဖြစ်တာ

•           ခေါင်းတစ်ခြမ်းကိုက်တာ

•           နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ

•           ချွေးစေးတွေပြန်တာမျိုး  တွေ ခံစားရနိုင်ပါတယ်။

 

သွေးတိုးရှိသူတွေအတွက် အထောက်အပံ့ဖြစ်စေမယ့် လေ့လာတွေ့ရှိချက်တစ်ခု

 

လေ့လာမှုအသစ်တစ်ရပ်အရ လမ်းများများလျှောက်တာက သွေးတိုးကို ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာလက်ခံထားတဲ့ ကျန်းမာရေး အယူအဆတစ်ခုက လှုပ်လှုပ်ရှားရှား နေတာက နှလုံးကို ကျန်းမာစေနိုင်တယ် ဆိုတာပါ။

 

သွေးတိုးရောဂါက သေစေနိုင်လောက်တာ မဟုတ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တာတော့ အသေအချာပါ။ လူတော်တော်များများမှာ ခံစားနေရသလို သွေးတိုးရှိမှန်း မသိတဲ့သူတွေကလည်း ဒုနဲ့ဒေးပါ။ နောက်တစ်ခုက သွေးတိုးဟာ သေချာကုသစောင့်ရှောက်မှု မလုပ်ဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

 

သွေးတိုးကို သေချာမကုသဘဲထားတာက ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် လေ့လာတွေ့ရှိချက် အသစ်တွေအရ သွေးတိုးကို ကာကွယ်ဖို့ဖြစ်ဖြစ် ကုသဖို့အတွက် အထောက်အပံ့ အနေနဲ့ဖြစ်ဖြစ် နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးဖို့ပါ။

 

အရင်ကလုပ်ဆောင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေအရ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကို ကာကွယ်ပေးနိုင် တယ်ဆိုတာပါ။ လေ့လာမှုအသစ်ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကိုတင် ကာကွယ်ပေးနိုင်တာ မဟုတ်ဘဲ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုပါ ကင်းစေတယ်ဆိုတာပါ။

 

ဒီလေ့လာမှုကို ဆန်ဖရန်စ္စကိုမှာရှိတဲ့ ကယ်လ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေ ဦးဆောင်ခဲ့တဲ့ လေ့လာမှုမှာ လူတစ်ယောက်ရဲ့ နေ့စဉ်လမ်းလျှောက်တဲ့နှုန်းက သွေးပေါင်ချိန်နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာပါ။

 

လမ်းလျှောက်တာက နှလုံးကျန်းမာစေနိုင်တယ်

 

ဒီလေ့လာမှုအတွင်း လူ ၆၃၈ ယောက်ရဲ့ နေ့စဉ် လမ်းလျှောက်မှုနှုန်းကို လေ့လာခဲ့ပါတယ်။ တစ်ခါလမ်းလျှောက်တဲ့အခါတိုင်း ၅ နာရီထက်မနည်း လမ်းလျှောက်ကြပါတယ်။ တစ်နေ့တာမှာ လှမ်းတဲ့ခြေလှမ်းအရေအတွက်ကိုလည်း သေချာမှတ်ထား ပါတယ်။

 

ဒီလိုလေ့လာမှုနဲ့အတူ သွေးပေါင်ချိန်ကိုလည်း တိုင်းတာကြည့်ခဲ့ပါတယ်။ ဒီလေ့လာမှုကို ၅ လကြာလုပ်ဆောင်ခဲ့တဲ့အခါမှာ တွေ့ရှိရတာက လမ်းပုံမှန်လျှောက်နေတာကြောင့် နှလုံးက ကျန်းမာသလို အသက်ရှူနှုန်းကလည်း ပုံမှန်ပါပဲ။ သွေးပေါင်ချိန်ကလည်း ရှိသင့်တဲ့ ပမာဏအတိုင်းရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

 

ခြေလှမ်း၁၀၀၀၀ လှမ်းတိုင်းမှာ သွေးပေါင်ချိန်က ၂.၂၅ mm Hg ကျဆင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ပုံမှန် လမ်းလျှောက်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီးသွေးတိုးကို ကာကွယ်ပေးသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

 

တစ်နေ့တာကို မနက်ခင်းစောစောမှာဖြစ်ဖြစ် အလုပ်သွားရင်းဖြစ်ဖြစ် အနည်းဆုံး ၁၅ မိနစ် နာရီဝက်လောက် ပုံမှန် လမ်းလျှောက်ပေးပါ။ ဒီလိုလမ်းလျှောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ သွေးတိုးရောဂါကိုလည်း သက်သာစေမယ်။ ကာကွယ်ပေးမယ်ဆိုမှတော့ ပုံမှန်လမ်းလျှောက်သင့်တယ်ဆိုတာ သိလောက်ပြီပေါ့။

 

ကဲ……သွေးမတိုးအောင် ကာကွယ်ချင်သူတွေရော၊ သွေးတိုးကြောင့် စိတ်ညစ်နေသူတွေရော နေ့စဉ် အနည်းဆုံး ၁၅ မိနစ် ထက်မနည်း လမ်းလျှောက်ပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

ရေးသားသူ - Aye Thi Mon