၂၆ ဇူလိုင်

သစ်ကြားသီးကို အခုနောက်ပိုင်းအတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်းရနိုင်သလို အွန်လိုင်းကနေလည်း မှာယူစားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကိုသိတာထက် ကြိုက်နှစ်သက်လို့စားကြတာများပါတယ်။ လူကြီးတွေရော၊ ကလေးတွေအတွက်ပါ သရေစာတစ်ခုအဖြစ် သဘောကျကြတာပါ။ အကျိုးပြုအဆီတွေပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာ သိထားပြီးဖြစ်ပါတယ်။ ဒီတစ်ခါသုတေသနတွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေရှိတဲ့သူတွေဟာ အဆီနည်းတဲ့စားသောက်မှုပုံစံနဲ့စားသောက်ပြီး သစ်ကြားသီးကိုတွဲဖက်စားသုံးမယ်ဆိုရင် သွေးတိုးကျစေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန် များနေသူတွေနဲ့ အဝလွန်နေသူ ၄၅ ဦးကို လေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအားလုံးကို လေ့လာမှုမစခင် နှစ်ပတ်အလိုမှာ ပြင်ဆင်ချိန် Diet  planနဲ့ စားသောက်စေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အားလုံးကို တသမတ်တည်းဖြစ်စေဖို့ ချိန်ညှိတဲ့အနေနဲ့ ကြိုတင်လိုက်နာစေတာဖြစ်ပါတယ်။ သူတို့မှာ ပြည့်ဝဆီစားသုံးမှုပမာဏ နည်းနေတဲ့အခါမှ သုံးဖွဲ့ခွဲပြီး အောက်ပါအတိုင်း ၆ ပတ်ကြာ စားသုံးစေပါတယ်။

•    သစ်ကြားသီးပါဝင်တဲ့ စားသောက်ပုံ

•    သစ်ကြားသီးမပါပေမယ့် သူ့မှာပါတဲ့ omega-3 အဆီဓာတ် alpha-linolenic acid (ALA) နဲ့ polyunsaturated fatty acids တူညီတဲ့ပမာဏပါတဲ့ စားသောက်ပုံ

•    သစ်ကြားသီးမပါပေမယ့် omega-3 အဆီဓာတ် alpha-linolenic acid (ALA) နဲ့ omega-6 fatty acid (linoleic acid) တူညီတဲ့ပမာဏ ပါတဲ့စားသောက်ပုံ တို့ဖြစ်ပါတယ်။

သစ်ကြားသီးနဲ့ သွေးဖိအားအတက်အကျ ဆက်နွှယ်မှု

ဒီကာလပြီးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါအန္တရာယ်ရှိနေတဲ့ ပါဝင်သူတွေအားလုံးကို ဆေးစစ်လေ့လာတဲ့အခါ အုပ်စုသုံးခုလုံးကသူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာတစ်ခုအထိ အရင်ထက်ပိုကောင်းလာတာတွေ့ရပါတယ်။

ပြည့်ဝဆီကိုရှောင်ပြီး သစ်ကြားသီးကဖြစ်စေ၊ ဟင်းသီးဟင်းရွက်ဆီတွေကဖြစ်စေ မပြည့်ဝဆီနဲ့အစားထိုးတာက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါပေမယ့် သစ်ကြားသီးချည်းပဲ စားသုံးခဲ့တဲ့အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာတွေ့ရပါတယ်။

“ သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓာတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓာတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီ Prof. Penny Kris-Etherton ကပြောပါတယ်။

Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကို Journal of the American Heart Association ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

သစ်ကြားသီးမှာ  alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်  omega-3 ပါဝင်လို့ သွေးဖိအားအပေါ် အကျိုးပြုသက်ရောက်မှု ရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကို ပိုကောင်းစေတာလား၊ ဒါမှမဟုတ် polyphenols လို သစ်ကြားသီးရဲ့တခြားပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ သွေးတိုးကိုထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေက လေ့လာအဖြေထုတ်ဖို့ ဆက်လက်လေ့လာနေကြတာဖြစ်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”