ရွှေဘို ၆ သြဂုတ်
Shwebo Mountain Biker Group ၏ ခရီးမိုင်အရှည်ဆုံးဖြစ်လာမည့် ရွှေဘို-မြစ်ဆုံခရီးစဉ် မိုင်(၃၂၀)ကျော်ကို စုပေါင်းစက်ဘီးစီးနင်းမည်ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဥက္ကဌ ကိုအောင်ကျော်စိုးဝင်း(ခ) ကိုချွန်းချွန်း ထံမှ သိရသည်။
“ ကျွန်တော်တို့ Shwebo Mountain Biker Group ကို ကျန်းမာရေးအတွက် အပျော်တမ်းစက်ဘီးစီးနင်းရာမှ စိတ်တူကိုယ်တူ ဝါသနာရှင်များ စုပေါင်း၍ ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်(၆၀)ဦးရှိကြောင်း ပြောကြားသည်။ ခရီးစဉ်နှင့်ပတ်သက်၍ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ စတင်စီးနင်း၍ တစ်ရက်လျှင် (၇၀)မိုင်နှုန်းဖြင့် မြစ်ဆုံကို ၅ ရက်တာ စက်ဘီးစီးနင်းပြီး အပြန်ခရီးစဉ်မှာ မြစ်ကြီးနား - ရွှေဘိုကို မြန်မာ့မီးရထားဖြင့် စီစဉ်ထားပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့မှ အခြားစက်ဘီးစီး ဝါသနာရှင်များ အနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ စက်ဘီးဖြင့် လိုက်ပါစီးနင်းနိုင်ရန် ဖိတ်ခေါ်ထားပါတယ်။ လူဦးရေကန့်သတ်မထားဘဲ ခရီးစဉ်ကို လူဦးရေ(၂၀)ခန့်ပါဝင်ဖို့ ခန့်မှန်းထား ပါတယ်” ဟု ကိုအောင်ကျော်စိုးဝင်း(ခ) ကိုချွန်းချွန်းက ပြောကြားသည်။
အဆိုပါ စက်ဘီးစီးအဖွဲ့သည် ရေဦး၊ ဟန်လင်း၊ ရှိန်းမကား၊ မိုးကုတ်(မိုးကုတ်နှစ် ၈၀ဝပြည့်ပွဲတော်)၊ ပုဂံ၊ လိပ်ကျရေတံခွန်၊ ထုံးဘို-ပြင်ဦးလွင်၊ ဆော-ကန်ပတ်လက်-နတ်မတောင်၊ ငွေဆောင်-ဂေါ်ရန်ဂျီကျွန်း စသည့် ခရီးစဉ် အပါအဝင် ခရီးစဉ်(၁၅)ခုကို စက်ဘီးစီးနင်းခဲ့ပြီဖြစ်ကြောင်းနှင့် ယခုလိုပြုလုပ်ခြင်းကြောင့် ရွှေဘိုမြို့ရှိ စက်ဘီးစီးအဖွဲ့ဝင်များ ခရီးဝေးစီးနင်းသည့် အတွေ့အကြုံ ရရှိစေရန်နှင့် ကျန်းမာရေး တစ်ရပ်အနေဖြင့် ကိုယ်လက်လှုပ်ရှားမှုရှိပြီး၊ လူငယ်များ စက်ဘီးစီးနင်းလိုစိတ်ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရွှေဘို-မြစ်ဆုံခရီးစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)


