မင်းခန့်
သိစေ၊ ကြားစေချင်တဲ့ အကြောင်းအရာကတော့ “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆနဲ့ သူတို့ကို မထောက်ခံရင် အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ CRPH ၊ NUG နဲ့ သူ့တို့ရဲ့ လက်ဝေခံ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပါတယ်။
ညွှန်းဆိုချင်တဲ့ သက်သေကတော့ အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ အပြစ်မဲ့ ပြည်သူများအပေါ် သတ်ဖြတ်နေတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားများ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေများနဲ့အညီ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကမ္ဘာသိ သတ်မှတ် ကြေညာထားတဲ့ CRPH ၊ NUG ၊ PDF အဖွဲ့တွေနဲ့ NUG ကို ကိုယ်စားပြုထားတဲ့ လူပုဂ္ဂိုလ်တွေကို ထိတွေ့ဆက်ဆံ အားပေးထောက်ခံနေတဲ့ တချို့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်း ပြည်ပက လူပုဂ္ဂိုလ်များကို သိစေ၊ ကြားစေချင်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တွေနောက်ပိုင်း ဆူပူဆန္ဒပြမှုတွေကတစ်ဆင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေရခြင်းရဲ့အကြောင်းအရင်းက အကြမ်းဖက်သမား CRPH နဲ့ NUG အဖွဲ့ဝင်တွေက နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်နဲ့ ရယူဖို့ကြိုးစားနေခြင်းကြောင့် ဖြစ်ပါတယ်။ NUG နဲ့ သူ့ရဲ့လက်ဝေခံ PDF တွေအနေနဲ့ မြန်မာပြည်တွင်းမှာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာအားလုံးအသိပဲဖြစ်ပါတယ်။ ငြင်းလို့မရတဲ့ သက်သေ အထောက်အထားတွေအရ အကြမ်းဖက် NUG အဖွဲ့ ရဲ့ “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆကြောင့် ပြည်သူ အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားပြီး ဒလန်ခေါင်းစဉ်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ NUG ကို မထောက်ခံတဲ့ ကျေးရွာများကို တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကြတာ စိတ်မကောင်းဖွယ်ရာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ အဆိုးရွားဆုံး ကတော့ NUG ၊ PDF တွေကို အားပေးထောက်ခံခြင်းမပြုတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး/ လက်နက်ငယ်များ ဒရုန်းများအသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ PDF များက လုပ်ဆောင်လျက်ရှိနေတာ ကိုလည်း လူမှုကွန်ရက်သတင်းများမှာ မကြာခဏ မြင်တွေ့ကြားသိနေရပါတယ်။
လတ်တလော စိတ်မကောင်းစရာဖြစ်စဉ်ကတော့ အကြမ်းဖက် NUG အဖွဲ့ရဲ့ လက်အောက်ခံ PDF အဖွဲ့တစ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ကြွယ်ပုံကျေးရွာအနီး တောင်ယာလုပ်ဖို့သွားတဲ့ မော်တော်ယာဉ်နှစ်စီးကို လက်နက်ကြီး/လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးများဟာ အသက် ၁၉ နှစ်ကနေ ၃၂ နှစ်ကြား အရွယ်ကောင်း အမျိုးသမီးငယ်လေးများဖြစ်ပြီး ညီအစ်မအရင်း သုံးယောက်ပါဝင်ကြောင်း သိရှိရပါတယ်။ ကြွယ်ပုံကျေးရွာဟာ တောင်ယာအလုပ်ကိုပဲ အများစုလုပ်ကိုင်ကြပြီး နိုင်ငံရေးအရှုပ်အထွေးတွေမှာ ဝင်ရောက်ပတ်သက်လေ့မရှိသလို အကြမ်းဖက်မှုတွေနဲ့ တရားမဝင် လက်နက်ကိုင်မှုတွေကိုလည်း ထောက်ခံအားပေးခြင်းမရှိတဲ့ရွာ ဖြစ်ပါတယ်။ ကြွယ်ပုံကျေးရွာအနီး လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေ ကို လက်မခံသလို ရိက္ခာ၊ ဆက်ကြေးထောက်ပံ့မှုများ မလုပ်တဲ့ကျေးရွာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း PDF အဖွဲ့တွေက အငြှိုးအတေးထားပြီး ဆက်ကြေးပေးရန် ပျက်ကွက်ခြင်း၊ သူတို့ကိုထောက်ခံအားပေးမှုမပြုလုပ်ခြင်း အကြောင်းပြချက်တွေနဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ယာလုပ်ကိုင်ဖို့ ထွက်ခွာလာတဲ့ အမျိုးသမီးငယ်အများစုပါဝင်တဲ့ မော်တော်ယာဉ်ကို ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၁၃၀၀ ခန့် အကွာအရောက်မှာ အကြမ်းဖက်သမား PDF အင်အား ၃၀ ဦးခန့်က ၄၀ မမ လောင်ချာများ အပါအဝင် လက်နက်ငယ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ ထိခိုက်သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူများဟာ စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိသလို ရိုးသားစွာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံများသာဖြစ်ပါတယ်။ PDF တွေရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လက်ရဲဇက်ရဲ ပစ်ခတ်တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သလို ဘယ်လိုမှ လက်ခံလို့မရနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။ ထိခိုက်သေဆုံးခဲ့ရတဲ့ အမျိုးသမီးငယ်လေးများရဲ့ မိသားစုဝင်များသာမက မြင်တွေ့ကြားသိရတဲ့ ပြည်သူများကလည်း အကြမ်းဖက်သမား PDF တွေကို ရွံရှာ စက်ဆုပ်မုန်းတီးလျက်ရှိပါတယ်။
အလားတူဖြစ်စဉ်မျိုး ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆုံရွာကျေးရွာမှာလည်း ဖြစ်ခဲ့ပါတယ်။ ဆုံရွာ ကျေးရွာက ရွာသူရွာသားများဟာ NUG ၊ PDF အဖွဲ့များကို လုံးဝမထောက်ခံဘဲ ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းပြီး ကိုယ့်မြို့ကိုယ့်ရွာ လုံခြုံရေးကို ဆောင်ရွက်နေကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက ရည်ရွယ်ချက်ရှိရှိနဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးကာ အမျိုးသား ငါးဦး၊ အမျိုးသမီး ကိုးဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံး သူများထဲမှာ ကလေးငယ်များလည်း ပါဝင်ကြောင်း ကြားသိရလို့ တုန်လှုပ်ချောက်ချား၊ ဝမ်းနည်းကြေကွဲ ဖွယ်ရာသတင်းအဖြစ် ပြည်သူအများ ခံစားခဲ့ရပါတယ်။ ရိုင်းစိုင်းယုတ်မာရက်စက်တဲ့ PDF အမည်ခံ အကြမ်းဖက်သမားများဟာ ၎င်းတို့ဆုတ်ခွာချိန်မှာ ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ကြလို့ နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါတယ်။
ဒီဖြစ်စဉ်ကိုကြားသိရတဲ့ ပြည်သူများအနေနဲ့ NUG ၊ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်း မရှိသဖြင့် စက်ဆုပ်ရွံရှာ မုန်းတီးမှုများဖြစ်ပေါ်လာပြီး လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း ၂၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါတယ်။
ဒီလိုဆိုးရွားရက်စက်တဲ့ အစုလိုက်အပြုံလိုက် ပြည်သူတွေသတ်ဖြတ်ခံရခြင်းဟာ CRPH မှ တစ်ဆင့် ပေါ်ပေါက်လာတဲ့ NUG အဖွဲ့က လက်နက်၊ ခဲယမ်း၊ ငွေကြေး ထောက်ပံ့ပေးထားတဲ့ လက်ကိုင် တုတ် PDF အကြမ်းဖက်သမားများကြောင့်ဖြစ်တာကို အငြင်းပွားဖွယ်ရာမရှိ ရှင်းလင်းပြတ်သားစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီလို အပြစ်မဲ့ပြည်သူတွေမှန်းသိလျက်နဲ့ ရက်ရက်စက်စက် ရိုင်းစိုင်းယုတ်မာစွာ လုပ်ကြံသတ်ဖြတ်၊ ပစ်ခတ်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ အများအပြားရှိနေပြီး လေ့လာစောင့်ကြည့်ရေးအဖွဲ့ တွေရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ အထိ အကြမ်းဖက်အဖွဲ့ NUG ရဲ့ စေခိုင်းချက်အရ အကြမ်းဖက်သမား PDF တွေရဲ့ လက်ချက်ဖြင့် သေဆုံးရသူ ၆၆၆၇ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။ အသေးစိတ်စာရင်းတွေကို www. infosheet.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ဒလန် အဖြစ်စွပ်စွဲပြီး သာမန်ပြည်သူ ၅၃၁၂ ဦး၊ အုပ်ချုပ်ရေးမှူး ၈၃၃ ဦး၊ ကျောင်းဆရာ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ အခြားဝန်ထမ်း ၂၇၉ ဦး၊ စစ်မှုထမ်းဟောင်း ၆၅ ဦး၊ သီလရှင် ၂ ပါး၊ သံဃာ ၈၄ ပါးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရ ကြောင်း သိရှိရပါတယ်။
ဒီလို ငြင်းလို့မရတဲ့ သက်သေဖြစ်စဉ်တွေကနေ ညွှန်းဆိုပြသနေတဲ့ NUG၊ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမျက်နှာစာမှာ မှေးမှိန်အောင် ပြည်ဖျက်သတင်းမီဒီယာတွေအနေနဲ့ သတင်းတု၊ သတင်းမှားများ ဖန်တီးပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံရေးလှုပ်ရှားမှုများအဖြစ် ပုံဖော်လျက်ရှိပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ကြိုးစားနေတဲ့ လှုပ်ရှားမှုကို ဒီမိုကရေစီအရေခြုံ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် လှုံ့ဆော်ဝါဒဖြန့်လျက် ရှိပါတယ်။
သို့သော် Global Terrorism Trend and Analysis Center မှ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု အညွှန်းကိန်း သိသိသာသာမြင့်တက်နေပြီး အဲဒီလို ဖြစ်နေရခြင်းဟာ CDF ၊ KNDF အဖွဲ့များအပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကြောင့် ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။ အဲဒီအဖွဲ့ ရဲ့အစီရင်ခံစာအရ PDF အဖွဲ့တွေရဲ့ ကြွယ်ပုံရွာနဲ့ ဆုံရွာတို့ကဲ့သို့ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်မှု များကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း အကြမ်းဖက်မှုအညွှန်းကိန်း ဆက်လက်မြင့်တက် နေဆဲဖြစ်ကြောင်း ဖော်ပြထားပေမယ့် အနောက်အုပ်စုနိုင်ငံများက မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလိုတဲ့အတွက် NUG ၊ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခြင်း၊ အကြမ်းဖက် NUG နဲ့ပတ်သက်သူ တွေကို ခိုလှုံခွင့်ပြုထားခြင်းတွေကို လုပ်ဆောင် လျက်ရှိပါတယ်။
ဒါ့အပြင် အင်အားကြီးနိုင်ငံအချို့အနေနဲ့ ဒီလိုအကြမ်းဖက်အဖွဲ့တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့ဆက်ဆံနေပြီး ငွေကြေးထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးနေခြင်းဟာ အကြမ်းဖက်အဖွဲ့တွေကို အားပေးနေတဲ့သဘော သက်ရောက်နေပါတယ်။ ဒါကြောင့်လည်း ဝရမ်းပြေး ကျော်မိုးထွန်းလို ပုဂ္ဂိုလ်က တရားဝင်ရပ်တည်ခွင့်မရှိတဲ့ ကုလသမဂ္ဂမျက်နှာစာမှာ အကြမ်းဖက်အဖွဲ့ NUG ကို ကိုယ်စားပြုပြီး NUG အဖွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ဝါဒဖြန့်လော်ဘီလုပ်နေတာကိုလည်း မြင်တွေ့ကြားသိနေရပါတယ်။
ဝရမ်းပြေး ကျော်မိုးထွန်းဟာ NLD အစိုးရ လက်ထက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ နိုင်ငံ့ဝန်ထမ်း စည်းကမ်းတွေကို ဖောက်ဖျက်ပြီး နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရပြီး နိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ထားခြင်းခံရသူ ဖြစ်ပါတယ်။ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ကိုယ်စားပြုမှုအတွက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်းအမှတ်စဉ် ၂၉ အရ ကိုယ်စားပြုမှုနေရာ အငြင်းပွားမှုရှိတဲ့အတွက် ဝရမ်းပြေး ကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တရားဝင်ဆက်လက်ခန့်အပ်ထားခြင်းမပြုသလို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြောရေးဆိုခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ Credentials Committee က သူ့ရဲ့ နေရာကို အစားထိုးခန့်အပ်ခြင်းမပြုသေးတဲ့ လုပ်ထုံးလုပ်နည်းအပေါ် အခွင့်အရေးယူပြီး ကုလသမဂ္ဂရဲ့ အလွတ်သဘောအစည်းအဝေးတွေမှာ အကြမ်းဖက် NUG အဖွဲ့ကို ကိုယ်စားပြုပြီး ဝါဒဖြန့်ချိရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
ဝရမ်းပြေး ကျော်မိုးထွန်းအနေနဲ့ ကြွယ်ပုံရွာနဲ့ ဆုံရွာတို့လိုဖြစ်စဉ်မျိုး NUG ၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးဖိပြီး နိုင်ငံတော်အစိုးရက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများနှင့်အညီ အရေးယူမှုများကို ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအကြောင်းပြပြီး ဆန့်ကျင်ပြောဆိုနေမှုများ ဟာ သံတမန်ရေးရာ ကိုယ်စားလှယ်တစ်ဦး လုံးဝမဟုတ်တော့ဘဲ အကြမ်းဖက်အားပေး ဝါဒဖြန့်ချိရေးသမားသက်သက် ဖြစ်နေတယ်ဆိုတာ ရှင်းလင်းစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်အားပေးပြီး အစွန်းရောက်ဝါဒကို အားပေးအားမြှောက်ပြုနေတဲ့ ရာဇဝတ်သားတစ်ဦးရဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂရဲ့ Credentials Committee အနေနဲ့သိရှိပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်နေရာမှာ အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုနေသူက ကုလသမဂ္ဂ သံတမန်တစ်ဦးအဖြစ်ရှိနေတာ မဖြစ်သင့်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်နေရာအတွက် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက အဆိုပြုခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြုခန့်အပ်ပေးဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ တောင်းဆိုလိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့အနေနဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ဝရမ်းပြေးကျော်မိုးထွန်းတို့ကို ထိတွေ့ဆက်ဆံနေခြင်းဟာ အကြမ်းဖက်အစွန်းရောက် ဝါဒကို အားပေးအားမြှောက် ပြုနေတဲ့ သဘောသက်ရောက်နေတာကို သတိပြုမိပြီး NUG ၊ PDF အကြမ်းဖက်အဖွဲ့များ တရားဝင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းလုပ်ဆောင်မှုများကို ရပ်တန့်စေရန်ဘက်ပေါင်းစုံက လုပ်ဆောင်ပေးဖို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။
အမှန်စင်စစ် အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူ လူထုရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ တောင်းဆိုလိုတဲ့ လိုလား ချက်ကတော့ NUG ၊ PDF အကြမ်းဖက်သမားများရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပျောက်ကွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လုပ်ဆောင်နေတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အောင်မြင်စေရေးနဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် တည်ငြိမ် အေးချမ်းစွာ ရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံး ကျင်းပနိုင်ရေးဖြစ်ပါတယ်။
ဒါကြောင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြတဲ့ မြန်မာနိုင်ငံသားများရဲ့ ဆန္ဒအမှန်ဖြစ်တဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ ကြွယ်ပုံရွာနဲ့ ဆုံရွာတို့လိုဖြစ်စဉ်မျိုး အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းကျဆင်း စေရေးအတွက် ဒီလိုအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဘာကြောင့်လုပ်နေလဲ ဆိုတာ သိစေ၊ ကြားစေဖို့အတွက် ခိုင်မာတဲ့ အထောက်အထားများနဲ့ သက်သေညွှန်းဆို တင်ပြ လိုက်ရပါတယ်။