နေပြည်တော် ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ သိဒ္ဓိအောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ က ကျင်းပရာ ဒက္ခိဏသီရိ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ကျွန်းတက်ပဲ့ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မထေရ်မြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာတော်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များက သိဒ္ဓိအောင်စေတီတော်အထွဋ်တွင် ရွှေထီးတော်၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်တို့ကိုလည်းကောင်း၊ တာဝန်ရှိသူများနှင့် ဘုရားဒါယကာ များက အရန်စေတီတော်များ၏ အထွဋ်တွင် ရွှေထီးတော်များကိုလည်းကောင်း တင်လှူပူဇော်ကြပြီး ရွှေထီးတော်၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်း တော်မူကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ စတုထ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိသတ်များက ဒက္ခိဏ သီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ကျွန်းတက်ပဲ့ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ ပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က သာသနာတော်ဆိုင်ရာများ လျှောက်ထား ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က ပန်းပေါင်စုံဗုဒ္ဓရုပ်ပွားတော်မြတ် ၄၅ ဆူနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က ပန်းပေါင်စုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၁၈ ဆူနှင့် ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများနှင့် နဝကမ္မ အလှူတော်ငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကို နာယူကြပြီး ဒက္ခိဏသီရိမြို့နယ်၊ ကျီးသဲလေးထပ် ပညာရေးစင်တာ ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စ ယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ် ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ စတုထ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူ ဇော်ပွဲကို ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်