ဘုတလင်    ၂၇     နိုဝင်ဘာ  

 

ရာသီဥတု ပြောင်းလဲမှုအပေါ် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးအတွက် သီးကြိုစိုက်စနစ်၊ ရေလိုက်ကြဲ စိုက်စနစ် နည်းပညာပေးသင်တန်း ဖွင့်ပွဲကို နိုဝင်ဘာလ(၂၇)ရက်၊ နံနက်(၉)နာရီခွဲအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 

2

 

ရှေးဦးစွာ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်အောင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးတို့က အမှာစကား ပြောကြားခဲ့ကြပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာက သီးကြိုစိုက်စနစ်၊ ရေလိုက်ကြဲစိုက်စနစ် နည်းပညာပေးသင်တန်း ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်း ပို့ချရာတွင် ပေါက်အင်းစိုက်ကွင်းမှ ဦးဇင်မင်းက ကုလားပဲ စိုက်ပျိုးထုတ်လုပ် ရေးဘာသာရပ်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်အောင်က သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးအတွက် ကုလားပဲကို သီးကြိုစိုက်စနစ်ဖြင့် စိုက်ပျိုးရေးဘာသာရပ်တို့ကို ဆွေးနွေးပို့ချခဲ့ကြသည်။

 

အဆိုပါ သီးကြိုစိုက်စနစ်၊ ရေလိုက်ကြဲစိုက်စနစ် နည်းပညာပေးသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ တောင်သူ (၅၀) နှင့် စိုက်ပျိုးရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို တစ်ရက်ကြာ ဆွေးနွေးပို့ချခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)