ရန်ကုန် ၁၈ သြဂုတ် 

ရန်ကုန်သီလဝါစက်မှုဇုန်တွင် တရားမဝင် ပြန်လည်ထုပ်ပိုးနေသည့် မြေသြဇာများ စစ်ဆေးတွေ့ရှိခဲ့ရာ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဥပဒေကြောင်းအရပဲ မြေသြဇာဥပဒေနဲ့ အရေးယူသွားမှာပါ။ လက်ရှိကတော့ ကုမ္ပဏီဘက်ရော၊ Document တွေရော၊ ပစ္စည်းတွေရဲ့အရည်အသွေးတွေရော စစ်ဆေးနေတယ်။ ပြစ်မှုမြောက်တယ်ဆိုရင်တော့ တရားရုံးရဲ့ စီမံခန့်ခွဲမှုအရ ဖြစ်မှာပေါ့”ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။

လက်ရှိတွင် မြေသြဇာများကို ဓာတ်ခွဲခန်းသို့ နမူနာများပေးပို့စစ်ဆေးထားပြီး မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ မြေသြဇာဥပဒေအရ အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်နှင့် ငွေကျပ်ဆယ်သိန်း ကျခံရမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၉ ရက်က ကျောက်တန်းဖွံ့ဖြိုးရေးဇုန်ရှိ သီလဝါပြည်တွင်းစက်မှုဇုန် (B)၊ ဂိုဒေါင်အမှတ် (၁၀၇) သို့ သတင်းအရ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ သီလဝါပြည်တွင်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဝင်ရောက်စစ်ဆေးရာ Best Bull Agriculture Technology Co.,Ltd မှ တရားမဝင်ထုတ်လုပ်နေသည့် ရွှေပွား၊ ကုလားအုတ်၊ သံကွင်းနှင့် AFC အမှတ်တံဆိပ်ပါ ယူရီးယားဓာတ်မြေသြဇာ စုစုပေါင်း ၄၁၉၄၁ အိတ်ကို တွေ့ရှိခဲ့ပြီး ယင်းမြေသြဇာများသည် မူလခွင့်ပြုထားသည့် မှတ်ပုံတင်နှင့် လိုင်စင်ပါအမှတ်တံဆိပ် ထုတ်လုပ်မှုမှန်ကန်ခြင်းမရှိသည့်အတွက် ဂိုဒေါင်ကိုချိတ်ပိတ်ခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီပြီး အာဟာရဓာတ်ပါဝင်မှု အချိုးအပေါ်မူတည်၍ သင့်တင့်သည့်ဈေးနှုန်းရှိသည့် သွင်းအားစု မြေသြဇာများ ဝယ်ယူသုံးစွဲနိုင်ရေး၊ မြေသြဇာအတုအပ ကင်းစင်ရေးအတွက် မှတ်ပုံမတင်ထားသည့် မြေသြဇာများကို သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိရောင်းချခြင်းများ တွေ့ရှိပါက မြေသြဇာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြေသြဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေသြဇာကော်မတီ၏ ကြီးကြပ်မှုဖြင့် ထုတ်လုပ်၊ တင်သွင်းမှတ်ပုံတင်နှင့် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ယင်းခွင့်ပြုချက်အရ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်နှင့် ခွင့်ပြုထားသည့် မြေသြဇာအမျိုးအစားအတွက်သာ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချခြင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အခြားအမှတ်တံဆိပ်နှင့် မြေသြဇာအမျိုးအစားအတွက် ဆောင်ရွက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် မြေသြဇာကော်မတီက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

သူရိန်ကျော်