နေပြည်တော် ၃၀ မတ်
သီးနှံအာမခံစနစ်ကို တောင်သူလယ်သမားတို့အတွက် ကမ္ဘာ့နိုင်ငံများစွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ကြပါသည်။ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်တို့ကြောင့် ဖြစ်ပေါ်သည့် ကောက်ပဲသီးနှံတို့ ပျက်စီးဆုံးရှုံးခြင်း အန္တရာယ်မှ ကာကွယ်သက်သာစေရန် တောင်သူ လယ်သမားတို့သည် သီးနှံအာမခံကို ဝယ်ယူကြပါသည်။ ထို့အပြင် မမျှော်လင့်ထားသော ကောက်ပဲသီးနှံ ဈေးနှုန်းတို့ ကျဆင်းခြင်းအန္တရာယ်မှ ကာကွယ်သက်သာစေရန် တောင်သူလယ်သမားတို့သည် သီးနှံ အာမခံကို ဝယ်ယူကြပါသည်။
အမေရိကန်ပြည်ထောင်စု၌ ဘက်ပေါင်းစုံ သီးနှံအာမခံစနစ်ကို Risk Management Agency က စီမံခန့်ခွဲပါသည်။ သို့သော် တောင်သူ လယ်သမားတို့အား သီးနှံအာမခံ တိုက်ရိုက်ရောင်းချခြင်းကို ပုဂ္ဂလိက ကုမ္ပဏီတို့ကသာ ဆောင်ရွက်ပါသည်။ မျှော်လင့်မထားသော ပမာဏများပြားသည့် အာမခံ လျော်ကြေးတို့အား ပေးနိုင်စွမ်းမရှိသည့် အခြေအနေမျိုးကို ရှောင်လွှဲနိုင်ရန် Federal Crop Insurance Corporation က အာမခံ ကုမ္ပဏီတို့အတွက် ထပ်ဆင့်အာမခံစနစ်ကို ဖန်တီးထားပါသည်။ အမေရိကန်ပြည်ထောင်စု၌ စီးပွားပျက်ကပ်အပြီး ၁၉၃၈ ခုနှစ်တွင် တောင်သူလယ်သမားတို့အနေဖြင့် ရင်ဆိုင်ရလျက်ရှိသော အခက်အခဲတို့ကို ကျော်လွှားနိုင်စွမ်း ရှိစေရန် သီးနှံအာမခံစနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။ ထိုကဲ့သို့ စတင်ကျင့်သုံးစ၌ တောင်သူလယ်သမားတို့ထံ သီးနှံအာမခံစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်စွမ်းမရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ၁၉၈၀ ကျော်ကာလများတွင် အမေရိကန်အစိုးရက တောင်သူလယ်သမားတို့ ပေးချေရသည့် အာမခံထည့်ဝင်ကြေး၏ တစ်စိတ်တစ်ပိုင်းကို ပံ့ပိုးထောက်ပံ့မှု ပြုလုပ်ခဲ့သောအခါမှသာ သီးနှံ အာမခံဝယ်ယူမှု ကျယ်ပြန့်လာခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်က အစိုးရထံမှ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှုရယူသော လယ်သမားတိုင်း သီးနှံအာမခံ ဝယ်ယူရမည်ဟု ပြဋ္ဌာန်းခဲ့သောကြောင့် တောင်သူလယ်သမားတို့ကြား သီးနှံအာမခံ ဝယ်ယူမှု ပို၍ပို၍ ကျယ်ပြန့် လာခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံ၌ Global World Insurance ကုမ္ပဏီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သီးနှံအာမခံ စနစ်ကို မကွေး၊ မန္တလေး၊ ဧရာဝတီနှင့် ရန်ကုန်စသည့် တိုင်းဒေသကြီး လေးခုတွင် စမ်းသပ် အကောင်အထည်ဖော်ရန် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ဤစမ်းသပ်ကာလကို နိုင်ငံတကာ၏ ကျင့်ထုံးများနှင့်အညီ နှစ်နှစ်အဖြစ် သတ်မှတ်ထားပါသည်။ အဆိုပါ သီးနှံအာမခံစနစ်ကို တစ်ဧက သီးနှံအထွက်နှုန်းအပေါ် အခြေခံ၍ အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့ကြောင့် သီးနှံထွက်နှုန်း လျော့ကျဆုံးရှုံးမှုရှိပါက ဤသီးနှံအာမခံစနစ်က တောင်သူလယ်သမားတို့၏ ဆုံးရှုံးနစ်နာမှုကို ဖြေလျှော့ပေးမည်ဖြစ်ပါသည်။ အာမခံဈေးနှုန်း (ပရီမီယံနှုန်း) ကို တစ်ဧကလျှင် ပျမ်းမျှရရှိမည့် သီးနှံကာလပေါက်ဈေး၏ နှစ်ရာခိုင်နှုန်း(သို့မဟုတ်) ၂ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ရန် သုံးသပ်လျက်ရှိပါသည်။ ယခုအခါ Global World Insurance ကုမ္ပဏီ သည် သီးနှံအာမခံစနစ်ကို စမ်းသပ်အကောင်အထည်ဖော်ရန် မကွေးတိုင်းဒေသကြီးအစိုးရ၊ စိုက်ပျိုးရေး ဦးစီးဌာနတို့နှင့် နားလည်မှုသဘောတူ စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ တောင်သူ လယ်သမားတို့အား အသိပညာပေးခြင်း အပါအဝင် လွှတ်တော်နှင့် အစိုးရပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ညှိနှိုင်းရဦးမည်ဖြစ်သော်လည်း တောင်သူလယ်သမားတို့အတွက် များစွာ အကျိုးရှိစေမည့် သီးနှံအာမခံစနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် Global World Insurance ကုမ္ပဏီတို့အား ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
( မြန်မာ့အလင်း)