ပဲခူး ဧပြီ ၃
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ဧပြီ ၃ ရက် နံနက်ပိုင်းက သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း။
သင်တန်းသား/ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများသည် အလွယ်တကူ လုပ်ငန်းထူထောင်နိုင်သည့် ပညာရပ်များဖြစ်ခြင်းကြောင့် မိမိတို့၏မိသားစုဝင်များနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်မှာဖြစ်ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်သူများကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ အသေးစားလုပ်ငန်းငယ်များ ပေါများစွာ ပေါ်ပေါက်လာစေရေးနှင့် ဘေးဥပါဒ်ကင်းသော ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်လာစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချလာနိုင်မှာ ဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးပွားရရှိလာမှာ ဖြစ်သလို တိုင်းပြည်အတွက်လည်း စားသောက်ကုန်ပစ္စည်းများကို ပြည်ပမှမှာယူတင်သွင်းရခြင်း ကင်းဝေးပြီး နိုင်ငံခြားသုံးငွေကိုလည်း လျှော့ချပြီးသားဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် သင်တန်းသား/ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ ခင်းကျင်းပြသထားသော သင်တန်းအထောက်အကူပြု ပစ္စည်းများနှင့် လက်တွေ့သင်ကြားပြသနေမှုတို့အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအား ဧပြီ ၃ ရက်မှ ၇ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၁၅)ဦး တက်ရောက်ကာ သင်တန်းနည်းပြများမှ ဒေသထွက်သီးနှံကုန်ကြမ်းများအပေါ် အခြေခံ၍ ရာသီအလိုက်ရရှိနိုင်သည့် ခရမ်းချဉ်သီး၊ သရက်သီး၊ မရမ်းသီး၊ သံပုရာသီး၊ သင်္ဘောသီးနှင့် နာနတ်သီး စသည့်သီးနှံများကို တန်ဖိုးမြှင့်စားသောက်ကုန်များ ဖြစ်သည့် ယိုနှင့် ဖျော်ရည်များအဖြစ် ပြုလုပ်နည်းများအပြင် ခရမ်းချဉ်သီးဆော့စ်၊ ဂျယ်လီနှင့် ပြောင်းဖူး ပေါက်ပေါက် ပြုလုပ်နည်းများကိုလည်း ထည့်သွင်းသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် ပထမကြီးတန်း ဖြေဆိုကြနေသည့် သံဃာတော်၊ သီလရှင်အပါး (၂၁၀)ပါးအား နဝကမ္မအလှူငွေများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)