၆ မေ
စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများအထွက်တိုး အောင်မြင်ရေး အဟန့်အတားဖြစ်စေသည့် အကြောင်းတရားမျိုးစုံရှိပါသည်။ သဘာဝဘေးအ္တရာယ်၊ ပိုးမွှားရောဂါကျရောက်ခြင်း၊ တိရစ္ဆာန်တို့၏ ဖျက်ဆီးမှု စသည်ဖြင့် အခက်အခဲမျိုးစုံကို ကြုံတွေ့ရလေ့ရှိပါသည်။
သဘာဝဘေး
သဘာဝဘေးအ္တရာယ်ဆိုရာ၌ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အချိန်အခါမဟုတ် မိုးများရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း စသည်တို့က စိုက်ခင်းများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ မကြာသေးမီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော အခါမဟုတ် မိုးသီးကြွေကျမှုများကြောင့် ခူးဆွတ်ခါနီး ဖရဲခင်း များ ပျက်စီးမှုဆိုလျှင် သက်ဆိုင်ရာတောင်သူများအတွက် အလွန်ထိခိုက်နစ်နာဆုံးရှုံးမှုကြီး ဖြစ်ပါသည်။ ထို့အတူ လေပြင်းများ တိုက်ခတ်မှုကြောင့် သရက်ခြံများမှ သရက်သီးများ ကြွေကျပျက်စီးရသည်မှာလည်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများပင် ဖြစ်ပါသည်။
ရောဂါဘေး
ယခုနှစ်ပိုင်းများအတွင်း ကြုံတွေ့နေရသော ပြောင်းခင်းများ၌ ငမြှောင်တောင်ပိုးကျခြင်း၊ စပါးခင်းများတွင် ဆစ်ပိုးများ ကျရောက်ခြင်း၊ ပဲစိုက်ခင်းများတွင် ရွက်ဝါဗိုင်းရပ်စ်များ ကူးစက်ခြင်း စသည်တို့သည် ပိုးမွှားရောဂါများ ကျရောက်ခြင်းကြောင့် ကြုံတွေ့ရသည့် သီးနှံပျက်စီးခြင်းများ အထွက်နှုန်းထိခိုက်ရခြင်း များပင် ဖြစ်ပါသည်။
သီးနှံပျက်စီးခြင်းများ
သဘာဝဘေး ပိုးမွှားရောဂါတို့နည်းတူ တိရစ္ဆာန်တို့၏ ဖျက်ဆီးမှုများသည်လည်း တောင်သူတို့၏ သီးနှံအထွက်တိုး အောင်မြင်ရေး မျှော်မှန်းချက်ကို ပျက်စီးစေတတ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့်ဒေသတို့တွင် စပါးစိုက်ခင်းများ၌ ရွှေခရုများ ကျရောက်ဖျက်ဆီးခြင်း၊ ဒေသ အတော်များများ၌ မိုးစပါးစိုက်ပျိုးချိန် ကောက်ပင်များကို လယ်ပုစွန်များက ညှပ်ဖြတ်ဖျက်ဆီးခြင်း စသည်တို့ကြောင့် နှစ်စဉ် စပါးအထွက်နှုန်းကို ထိခိုက်နေရပါသည်။
အဖျက်တိရစ္ဆာအန္တရာယ်
သိသာထင်ရှားသော အဖျက်တိရိစ္ဆာန်မှာ ကြွက်ဖြစ် သည်။ ကြွက်သည် စပါးခင်းကိုလည်း ဖျက်သည်။ ပဲခင်းကိုလည်း ဖျက်သည်။ ပြောင်း၊ နေကြာ စသည့်လယ်ယာသီးနှံစုံကို သာမက စားဖိုဆောင်သီးနှံ၊ ကိုင်း၊ ကျွန်းခင်းများတွင်လည်း ဖျက်သည်။ စိုက်ခင်းတွင် ဖျက်ဆီးရုံသာမက ကျီ၊ ပုတ်၊ ဂိုဒေါင် သိုလှောင်ရုံစသည့် နေရာများတွင်ပါ ဖျက်ဆီးစားသောက်ရာ တောင်သူတို့အတွက် အလွန်ခေါင်းခဲရသော တိရစ္ဆာန်များ ဖြစ်သည်။
ယခုနှစ်များအတွင်း ပဲမျိုးစိုက်ခင်းများ အထွက်နှုန်း လျော့ကျနေရသည်မှာ ကြွက်ကြောင့်ဖြစ်သည်။ အသီးမဝင်ခင် အပင်ဘဝကတည်းက ကိုက်ဖြတ်မှုများရှိသကဲ့သို့၊ အသီးဝင်ချိန်၌ အကိုင်းများကို ဓားဖြင့် ချိုင်သကဲ့သို့ ကိုက်ဖြတ်ခြင်း၊ သီးတောင့်များကို ကိုက်ဖြတ်စားသောက်ခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းခြင်း၊ လုံးဝမရိတ်သိမ်းရဘဲ လက်လွှတ် လိုက်ရခြင်းများလည်း ရှိခဲ့သည်။
မိုးလေဝသ အစဉ်ဂရုပြုရန်လို
ထိုသို့ အဖျက်အဆီး အဟန့်အတားများကို ကျော်လွှားနိုင်မှသာ တောင်သူများအတွက် သီးနှံအထွက်တိုး ဝင်ငွေတိုး နိုင်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များ ကျရောက်လျှင်ရှောင်လွှဲ၍ မရနိုင်သော်လည်း တတ်အားသရွေ့ ကြိုတင်ကာကွယ်သင့်ပါသည်။ စိုက်ခင်းများ၌ လေကာပင်များ စိုက်ပျိုးခြင်း၊ ချောင်း၊ မြောင်း၊ တမံနှင့် လယ်ကြားမြောင်းများကို တူးဖော်ခြင်း၊ တာ၊ ကန်သင်းများကို ဆယ်ဖို့ခြင်းများဖြင့် လေပြင်းနှင့် ရေကြီးနစ်မြုပ်မှုအန္တရာယ်ကို တတ်နိုင်သမျှ ကာကွယ်ရမည်ဖြစ်သည်။
မိုးလေဝသသတင်းများကို စဉ်ဆက် မပြတ် နားထောင်၍ စိုက်ပျိုးချိန်၊ ခူးဆွတ်ရိတ်သိမ်းချိန်များကို ချိန်ဆလုပ်ဆောင်သင့်ပါသည်။
ပိုးမွှားရောဂါအတွက်မူ သဘာဝနည်းလမ်း၊ ဓာတုနည်းလမ်းတို့ဖြင့် ကာကွယ်ဆေး၊ ကုသဆေးပေါင်းများစွာရှိရာ သဘာဝဘေးနှင့်စာလျှင် ဖြေရှင်းရလွယ်ကူသည်ဟု ဆိုရမည်။ သို့သော် စနစ်တကျသုံးစွဲနိုင်ရန် လိုအပ်သလို အဖြေရှာမရ သောရောဂါများ ရှိနေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။
တိရစ္ဆာန်တို့၏ ဖျက်ဆီးမှုကိုလည်း မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ကြွက်ဖျက်ဆီးမှုမှ ကာကွယ်ရန်ဆိုလျှင် သီးနှံများ မစိုက်ပျိုးမီ၊ မျိုးစေ့များ မကြဲပက်မီကာလကတည်းက ကြွက်များ ခိုအောင်းနိုင် သော ချုံများ၊ ရိုးဖြတ်များကို ရှင်းလင်းမီးရှို့ ခြင်း၊ လူဖြင့် ရှာဖွေရှင်းလင်းသုတ်သင်ခြင်း၊ ဆေးဖြင့် သုတ်သင်ခြင်းတို့ကို ကြိုတင် ပြုလုပ်ထားသင့်ပါသည်။ ထို့အပြင် သဘာဝနည်းလမ်းဖြစ်သည့် ကြွက်လိုက်သတ္တဝါများကို မွေးမြူထိန်းသိမ်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။ လင်းမြွေကဲ့သို့သော ကြွက်လိုက်မြွေများ၊ လင်ကောင်ပိုးငှက်ကဲ့သို့သော ကြွက်လိုက်ငှက်များကို လယ်ကွင်းများအတွင်း ကျက်စားစေခြင်းအားဖြင့် ကြွက်ပွားများမှုကို လျှော့ချနိုင်မည် ဖြစ်သည်။
ကြိုတင်ကာကွယ်ခြင်းဖြင့် ကျော်လွှား
သို့သော် မြန်မာတောင်သူများအနေဖြင့် ထိုမြွေများ၊ ငှက်များကို အကျိုးပြုသတ္တဝါများအဖြစ် သိရှိမှုအားနည်းနေ သေးသည်။ လင်းမြွေများကို ဖမ်းဆီးသတ်ဖြတ် စားသောက်ကြပြီး လင်ကောင်ပိုးကဲ့သို့ ညငှက်များကို ငှက်ဆိုးများအဖြစ် အယူမှားကာ သတ်ဖြတ်သုတ်သင်ကြသည်များ ရှိနေဆဲဖြစ်သည်။ အချို့စိုက်ပျိုးရေးနိုင်ငံများတွင် လယ်ကွင်းထဲ၌ ထိုငှက်များ ကျက်စားစေရန် အသိုက်များ ဖန်တီးပေးထားသည်ဟု ကြားသိရပါသည်။ မြန်မာနိုင်ငံ၌လည်း ထိုမြွေများ၊ ငှက်များကို ထိန်းသိမ်းရန် ပညာပေးလုပ်ငန်းများ လိုအပ်နေသည်ဟု ထင်ပါသည်။
ဘေးအန္တရာယ်များ ကျရောက်လျှင် ဖြေရှင်းရခက်သည် ဖြစ်ရာ ကြိုတင်ကာကွယ်ခြင်းဖြင့် အထိုက်အလျောက် ကျော် လွှားနိုင်မည်ဟု ယုံကြည်မိပါကြောင်း။
မော်လင်း