မန္တလေး ၁၄ မေ 

သီးနှံပင်များ၏ ပင်စည်နှင့် ကိုင်းဖျားကိုင်းနားများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် စက်ရုံများတည်ဆောက်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီးနှံပင်များ၏ ပင်စည်နှင့် ကိုင်းဖျားကိုင်းနားများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမည့် စက်ရုံများကို မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ တကောင်း-ကြာညှပ်၊ မြစ်သားနှင့် ဝက်လပက်-စ တောင်တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အခြေခံကုန်ကြမ်းအဖြစ် စွမ်းအင်မြက်၊ စပ်မျိုး အစေ့ကြား ကြက်ဆူ (ပင်စည်၊ ပင်ကိုင်း)၊ ပဲစင်းငုံ (ပင်စည်၊ ပင်ကိုင်း)၊ နှမ်း (ပင်စည်၊ ပင်ကိုင်း)၊ အကြီးမြန်ယူကလစ် (ငါးနှစ်ပြည့် ကိုင်းဖျားကိုင်းနား)တို့ကို အသုံးပြုသွားမည်ဖြစ်ကာ လက်ရှိတွင် (၆၀)မဂ္ဂါဝပ်အထိ ထုတ်လုပ်ပါက ကုန်ကြမ်းလောင်စာ မည်မျှလိုအပ်သည်အထိ တွက်ချက်ပြီးဖြစ်ကြောင်း သိရသည်။

၎င်းကုန်ကြမ်းများအနက် စွမ်းအင်မြက်၊ စပ်မျိုးအစေ့ကြားကြက်ဆူ၊ အကြီးမြန်ယူကလစ်တို့ကို ဂရိတ်ဝေါလ်ကုမ္ပဏီမှ စိုက်ပျိုးထားရှိပြီး ပဲစင်းငုံ(ပင်စည်၊ ပင်ကိုင်း)၊ နှမ်း(ပင်စည်၊ ပင်ကိုင်း)နှင့် အကြီးမြန်ယူကလစ် (ငါးနှစ်ပြည့် ကိုင်းဖျားကိုင်းနား)တို့ကို ဒေသခံတောင်သူများထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီစက်ရုံတွေကို တည်ဆောက်နိုင်ဖို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက စက်ရုံနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ရရင်တော့ တရုတ်နည်းပညာနဲ့ တစ်နှစ်ခွဲအတွင်း စက်ရုံတွေကို တည်ဆောက်သွားမှာပါ။ ဘယ်လို သီးနှံကပဲဖြစ်ဖြစ် ထွက်လာမယ့် အမှိုက်တွေကို မီးရှို့ပစ်ရမယ့်အတူတူ အခုလိုလောင်စာအဖြစ် ပြန်အသုံးပြုနိုင်မှာပါ။ လယ်ယာစိုက်ခင်းတွေက ထွက်ရှိလာတဲ့ သီးနှံတွေရဲ့ ပင်စည်နဲ့ ကိုင်းဖျားကိုင်းနားတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုသွားမှာပါ”ဟု ဂရိတ်ဝေါလ် အင်တာနေရှင်နယ်ကုမ္ပဏီမှ အကြံပေးနှင့် စီမံကိန်းဒါရိုက်တာ ဦးတင်မောင်အုန်းက ပြောသည်။

အဆိုပါစက်ရုံများကို တောင်သူများ၏ လယ်ယာစိုက်ခင်းများမှ ထွက်ရှိလာမည့် စွန့်ပစ်အမှိုက်များကို ရောင်းချနိုင်ရန်၊ သီးနှံများ ပိုမိုစိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်လာစေရန်နှင့် နိုင်ငံ၏ GDP အတွက် အကျိုးပြုနိုင်ရန် ရည်ရွယ်၍ တည်ဆောက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ်ကတည်းက သွားရောက်လေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)