မန္တလေး ၈ ဇွန်
စိုက်ပျိုးရေးတောင်သူများ၏ သီးနှံပင်များကို ပိုးသတ်ဆေးအသုံးမပြုဘဲ အပင်ဖျက်ပိုးများကို နကျယ်ကောင်ဖြင့် နှိမ်နင်းနိုင်သောကြောင့် ယင်းပိုးများကို နှိမ်နင်းလိုပါက လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီဝေက ပြောကြားသည်။
အဆိုပါ နကျယ်ကောင်များသည် စိုက်ပျိုးသီးနှံများရှိ အပင်ဖျက်ပိုးများ၏ ဥများကို လိုက်လံစားသုံးသည့်အတွက် သီးနှံဖျက်ပိုးများကို နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ စိုက်ခင်းအတွင်းသို့ ပျိုးချသည့်အချိန်တွင် တစ်ကြိမ်၊ စိုက်ပျိုးပြီးချိန်တွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်လွှတ်ပေးပါက အပင်ဖျက်ပိုးများအတွက် လက်ရှိအသုံးပြုနေသော ပိုးသတ်ဆေး ပမာဏမှာ သိသာစွာကျဆင်း သွားမည်ဖြစ်ကြောင်း သိရသည်။
"စိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်နေတဲ့ တောင်သူတွေအနေနဲ့ မိမိစိုက်ခင်းထဲကို နကျယ်ကောင် လွှတ်ချင်လို့ သီးနှံကာကွယ်ရေးဌာနကို တင်ပြလာမယ်ဆိုရင် စိုက်ပျိုးရေးဦးစီးဌာနက ၀န်ထမ်းတွေ လာရောက်ပြီး ကူညီဆောင်ရွက်ပေးသွားမှာပါ။ နေအပူချိန်ရရှိမှုနည်းပါးတဲ့နေ ရာတွေဆိုရင် ရွက်ဖျက်ပိုးများက အဓိကကျဆင်းပါတယ်။ ဒီလိုကျဆင်းပါက သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနကို အကြောင်းကြားမယ်ဆိုရင် အဲဒီ ဌာနတာဝန်ရှိသူများက လိုက်လံစိစစ်ပေးမှုများ လုပ်ဆောင်ပေးပါ တယ်။ အသုံးပြုရမယ့် ပိုးသတ်ဆေးအမျိုးအစားများကို ပြောပြ ပြီးတော့ လိုက်လံအသိပေးမှုများကို တောင်သူများအချင်းချင်း အသိပေးတဲ့ စနစ်နဲ့လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ နကျယ်ကောင်များကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပလိပ်ဒေသတွင် မွေးမြူရေးခြံ တစ်ခုပြုလုပ်၍ မွေးမြူထားရှိပြီး မွေးမြူခြင်း လုပ်ငန်းများကို သြစတြေးလျနိုင်ငံမှ ပညာရှင်များက လာရောက်လုပ် ဆောင်ခြင်းဖြစ်ကာ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများကိုလည်း ပံ့ပိုးကူညီ ပေးနေကြောင်း၊ လက်ရှိအချိန်တွင် နကျယ်ကာင်များကို မိုးစပါးစိုက်ပျိုးချိန် ကာလရောက်ရှိတော့မည် ဖြစ်သည့်အတွက် သြဂုတ်လ နှင့် စက်တင်ဘာလအတွင်း လွှတ်နိုင်ရန် မွေးမြူခြင်းလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင် စသည့်ခရိုင် ၅ ခရိုင်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် နွေစပါးဧကများတွင် အဓိက ကျရောက်တတ်သည့် ဖျက်ပိုးများ နှိမ်နှင်းရန်အတွက် အကျိုးပြုကပ်ပါးနကျယ်ကောင်များ လွှတ်ပေးထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


