မောင်သာ(ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံ၏ ခရီးသွားနယ်မြေတစ်ခုအဖြစ် ထင်ရှားသည့် သီပေါမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင် တည်ရှိကာ ရန်ကုန်မြို့မှ ၈၂၅ ကီလိုမီတာ နှင့် မန္တလေးမြို့မှ ၂၀၆ ကီလိုမီတာ ကွာဝေးသည်။ သီပေါမြို့၊ ယခု ဇာတ်စုရပ်ကွက် တွင် ၁၉၂၄ ခုနှစ်က တည်ဆောက်ခဲ့သည့် စဝ်အုံကြာဟော်၊ ကုန်းဘောင်ခေတ် လက်ရာ စေတီ ၃၀ ကျော်စုစည်းနေသည့် ပုဂံငယ် (Little Bagan)၊ သီပေါ မြို့ပြင် ရှိ ပေါ်ကြိုဘုရားနှင့် ဒုဋ္ဌဝတီမြစ်တို့ကို တစ်ချိန်က ရှမ်းစော်ဘွားများ ဟော်နန်း စိုက်ခဲ့သည့် အေးချမ်းလှပသော သီပေါမြို့၏ အမှတ်လက္ခဏာများအဖြစ် သိရှိ ထားကြသည်။
ရာဇဝင်ထဲမှ သီပေါ
မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားချက်များအရ အုန်းပေါင်စော်ဘွားသည် အုန်းပေါင်မြို့တွင် နန်းစိုက်ခဲ့ပြီး အရပ် အနေ မသင့်သဖြင့် လက်ရှိ သီပေါမြို့နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ သီပေါမြို့၌ ဟော်နန်းတည်မည့်နေရာကို မြေတူးရာမှ ပတ္တမြားတစ်လုံးက ိုရရှိခဲ့သဖြင့် ရှမ်းဘာသာစကားဖြင့် ဆိုင်ပေါ်ဟုခေါ်ဆိုခဲ့ရာ ကာလကြာမြင့်လာချိန်တွင် ဆိုင်ပေါ်မှ ဆီပေါ၊ ဆီပေါမှ သီပေါဟု ရွေ့လျောလာဟန်ရှိကြောင်း ဖတ်ရှုရပေသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းတွင် သီပေါမြို့ကို ခရစ်နှစ် ၁၈၈၈ ခုနှစ်၊ မတ်လတွင် သီပေါစော်ဘွား စဝ်ကြာထွန်း ၏ သားတော်စဝ်ကြာခိုင် ခေါ် စဝ်ခွန်ဆိုင် က မ္တလေးမြို့ပုံစံအတိုင်းတည်ခဲ့သည်ဟု ဖော်ပြထားသည်။ သီပေါမြို့ကို နမ့်ပေါ့ ချောင်း၏ ပါးစပ်ဝတွင် တည်ထားခဲ့သဖြင့် ရှမ်းဘာစကားဖြင့် ဆွတ်ပေါ့ (ပါးစပ်ဝ၌ တည်ထားသောမြို့) ဟု ခေါ်ဆိုခဲ့ပြီး ဆွတ်ပေါ့မှ ဆီပေါ၊ သီပေါဟု အဆင့်ဆင့် ရွေ့လျားခေါ်တွင်ခဲ့သည်ဟုလည်း ယူဆခဲ့ကြသည်။
သီပေါမြို့ကို တော်လှန်ရေးကောင်စီအစိုးရ လက်ထက် (ခရစ်နှစ် ၁၉၆၂ -၁၉၇၄) မတိုင်မီက မြို့ပိုင်တစ်ဦး က အုပ်ချုပ်ခဲ့ပြီး တော်လှန်ရေး ကောင်စီအစိုးရ လက်ထက် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက သီပေါမြို့နယ်ကို ရပ်ကွက် ၁၁ခု၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာ ၄၇၆ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။
သီပေါမြို့နယ်သည် ၂၀၄၅ စတုရန်းမိုင်ကျယ်ဝန်းလျက် ကျောက်မဲမြို့နယ်၏ အရှေ့ဘက်၊ လားရှိုးနှင့် မိုင်းရယ်မြို့နယ်တို့၏ အနောက်ဘက်၊ နမ့်ဆမ်နှင့် နမ္မတူ မြို့နယ်တို့၏ တောင်ဘက်နှင့် ရပ်စောက်၊ မိုင်းကိုင်၊ ကျေးသီးမြို့နယ်တို့၏ မြောက်ဘက်တွင် တည်ရှိသည်။
တောင်ကုန်းတောင်တန်းများထူထပ်၍ မြေပြန့်လွင်ပြင်နည်းပါးသည့် သီပေါမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၁၃၉၈ ပေမြင့်ကာ မြို့နယ်၏ ၈၆ ဒသမ ၃၄ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းထားသည်။ ဒုဋ္ဌဝတီမြစ်သည် သီပေါမြို့၏ အရှေ့ဘက်မှ ဖြတ်သန်းလျက် မြောက်ဘက်မှတောင်ဘက်သို့ စီးဆင်းနေကာ အနောက်မှအရှေ့သို့ စီးဆင်းနေသည့် နမ့်ပေါ့ချောင်းနှင့် ကျင်သီချောင်း တို့သည် ဒုဋ္ဌဝတီမြစ်အတွင်းသို့ စီးဝင်သွားကြသည်။ နမ့်ပေါ့ချောင်းသည် သီပေါ မြို့လယ်မှ ဖြတ်သန်း စီးဆင်းနေသည်။
စိုးရိမ်ရေမှတ် ၆၀ဝ စင်တီမီတာရှိသည့် ဒုဋ္ဌဝတီမြစ်သည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၁၉၈၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်တွင် ၉၃၁ စင်တီမီတာ အမြင့်အထိ ရေမှတ်မြင့်တက်ခဲ့ကာ ဖာဖိတ်ဆည်ကျိုးပေါက်ခဲ့သည်။ ဒုဋ္ဌဝတီမြစ်နှင့် နမ့်ပေါ့ချောင်းတို့ ရေတက်လာမှုကြောင့် သီပေါမြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လတွင် လူဦးရေ ၁၆၂၆၇၇ ဦး ရှိသည့် သီပေါမြို့နယ်တွင် ရှမ်းနှင့် ဗမာလူမျိုးများ အများဆုံး နေထိုင်ကြပြီး ပလောင်၊ လီဆူး အစရှိသည့် အခြား တိုင်းရင်းသား ၁၈ မျိုးလည်းနေထိုင်လျက်ရှိသည်။ မ္တလေး-မူဆယ် မော်တော်ကား လမ်းနှင့် မန္တ္တလေး-လားရှိုး မီးရထားလမ်းပေါ်တွင် တည်ရှိသည့် သီပေါမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ဒေသထွက် လိမ်မ္မော်၊ နာနတ်၊ ရှောက်ချို သီးတို့ကို ပြည်မသို့ အများဆုံးတင်ပို့ရောင်းချသည်။ ထို့အတူ သီပေါမြို့ နယ်အတွင်း ဂေါဒန်ကျောက်နှင့် ကျောက်မီးသွေးကို ထုတ်လုပ်သည်။
သမိုင်းဝင် အုန်းပေါင်
သီပေါမြို့သို့ ရောက်ရှိခဲ့စဉ် သီပေါမြို့ မတည်မီက စော်ဘွားများ ဟော်နန်းစိုက်ခဲ့သည့် အုန်းပေါင်မြို့ဟောင်းကို ခြေရာခံနိုင်ရန် မြန်မာ့ရှေးဟောင်းမြို့များကို လေ့လာနေသည့် ကျောက်မဲမြို့မှ ဝါသနာရှင် လူငယ်များဖြစ်ကြသည့် ကိုအောင် ထိုက်၊ ကိုပုညဒီပါနှင့် ကိုစိုးရာဇာတို့ လိုက်လံပြသသည့် မြို့ရိုးနေရာဟောင်းများကို သွားရောက် လေ့လာခွင့် ရရှိခဲ့ပါသည်။
Google မြေပုံပေါ်တွင် တွေ့ရှိရသည့် အုန်းပေါင်မြို့ဟောင်းဟု ယူဆရသည့် မြို့ရိုး အဝန်းအဝိုင်းသည် ခရုသင်း တစ်ခုနှင့် ဆင်ဆင်တူနေကာ မြို့ပုံသ္ဌာန် အချိုးကျနခြင်းမရှိဘဲ တောင်ဘက်သို့ ချွန်ထွက်နေသည်။
ပေါ်ကြို ဘုရားသမိုင်းကျောက်စာအရ သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် သီရိ ဓမ္မာသောကမင်းကြီးသည် တတိယ သံဂါယနာတင်ခဲ့ပြီး ဘုရားရှင်သာသနာ နှစ်ပေါင်း ၅၀ဝဝ အရှည်တည်တံ့စေရန် ၈၄၀ဝဝ သော ကောင်းမှုများကို ပြုလုပ်ခဲ့သည့်အနက် သီပေါ၊ အုန်းပေါင်မြို့၊ အနောက်ဘက်၊ ဒုဋ္ဌဝတီမြစ်အနီး၌ စေတီတော် တစ်ဆူကို တည်ထားခဲ့သည်။ ယင်းနေရာကို ဘုရားလောင်းဝက်မင်းဖြစ်စဉ်အခါက ဝက်လူးအိုင် နေရာဟု ယုံကြည်ခဲ့ကြကြောင်း ရေးသားဖော်ပြထားသည်။
အုန်းပေါင် မြို့ဟောင်း၏ အစွန်းနေရာဟု ယူဆရသည့် နေရာတွင် တစ်စိတ်တစ်ပိုင်း ပြိုပျက်နေသည့် အုတ်မြို့ရိုးဟောင်းကို တွေ့ရှိခဲ့ရသည်။ ယင်းနေရာသည် သီပေါ ကျောက်မဲ မော်တော်ကားလမ်း၏ လက်ဝဲဘက်ရှိ စံဖိတ်ကျေးရွာအပြင် ဘက်ဖြစ်ကာ ပေါ်ကြိုစေတီတော်၏ အရှေ့ဘက်အရပ်ဖြစ်သဖြင့် ကျောက်စာပါ အထောက်အထားအရ အုန်းပေါင်မြို့ဟောင်း အဆုံးနေရာဟု ယူဆရဖွယ်ရှိပေသည်။
အုန်းပေါင်မြို့ဟောင်းသည် ပေါ်ကြိုဘုရား၏ အရှေ့ဘက်တွင် တည်ရှိခဲ့ပြီး သီပေါမြို့ရှိ ဆာစောချယ်သင်္ချိင်းဂူရှိသည့် နေရာမှ စတင်ခဲ့သည်ဟု ယူဆရသည်။ အုန်းပေါင်မြို့ ရိုးဟောင်းများရှိသည့် နေရာအချို့တွင် အုတ်မြို့ရိုးမြို့ရာများကို တွေ့ရှိရသကဲ့သို့ အချို့နေရာများတွင် မြေမြို့ရိုးများကို တွေ့ရှိရပေသည်။
မြို့တည် ဆီအိုးကြီးများ
ရှမ်းရာဇဝင်ကျမ်းများအလိုအရ သီပေါစော်ဘွားဆက်သည် ပထမဆုံးစော်ဘွား ခွန်ခမ်းဇော် (သာသနာနှစ် ၄၈၅ -၅၂၀) မှ နောက်ဆုံးစော်ဘွားကြီး စဝ်ကြာဆိုင်အထိ ၉၁ ဆက်ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ပထမဆုံးစော်ဘွားတက်ခဲ့ချိန်သည် ခရစ်တော်မပေါ်မီ နှစ် ၆၀ ဝန်းကျင်ဖြစ်နေပြီး ခိုင်မာသော အထောက်အထားများ မတွေ့ရှိသေးပါချေ။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၃ နှစ်တွင် အုန်းပေါင်စော်ဘွားဖြစ်လာခဲ့သည့် ၈၅ ဆက်မြောက်စော်ဘွားကြီး စောကြာခိုင်သည် သီပေါမြို့ကိုတည်ခဲ့စဉ်က မြို့သူ မြို့သား၊ နယ်သူနယ်သားများ အေးချမ်းသာယာဝပြောစေရန် ရည်ရွယ်လျက် မြို့ထောင့် လေးထောင့်၌ အစီအမံများပြုလုပ်ကာ ဆီအိုးကြီးလေးလုံးကို မြှုပ်နှံခဲ့သည်။
သီပေါမြို့သည် အုန်းပေါင်လေးမြို့ (သီပေါ၊ မိုင်းလုံ၊ မိုင်းတုံ၊ သုံးဆယ်) ရုံးစိုက်ရာ မြို့အုန်းပေါင်ဟု ထင်ရှားခဲ့ပြီး မြို့တည်ဆောက်ပုံ အနေအထားသည် ထီးဟန် နန်းဟန် ဆန်ခဲ့သည်။
အုန်းပေါင်စော်ဘွားဆက်၊ သီပေါစော်ဘွားများသည် ဟံသာဝတီ၊ အင်းဝ၊ အမရပူရ၊ ရတနာပုံစသည့် မြို့တော်များတွင် နန်းစိုက်ခဲ့ကြသည့် မြန်မာဘုရင်များနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည်။ ယခု သီပေါမြို့တည်ရှိရာ နမ့်ပေါ့ချောင်း တောင်ဘက်တွင် မြို့သစ်တည်ခဲ့သည့် အုန်းပေါင်စော်ဘွား စောကြာခိုင်သည် မက္ခရာ မင်းသား၊ သုံးဆယ် မင်းသားစသော မင်းတုန်းမင်း၏ သားတော်များနှင့်အတူ မင်းရေး၊ မင်းရာ၊ ရာဇဝင်၊ နိပါတ်၊ ပိဋကတ်၊ ဗေဒင် ပညာများကို သင်ယူတတ်မြောက်ခဲ့သည်။
၈၄ ဆက်မြောက် အုန်းပေါင်စော်ဘွားကြီး ခွန်ကြာထွန်းသည် ကောဇာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊သီတင်းကျွတ် လဆန်း ၁၃ ရက် (ခရစ်နှစ် ၁၈၆၆ ခုနှစ်၊ အောက်တို ဘာလ ၂၁ရက်) တွင် အုန်းပေါင်လေးမြို့ အတွင်းရှိ သုံးဆယ်မြို့၌ နတ်ရွာစံခဲ့ပြီးနောက် သားတော် စောကြာခိုင်သည် ၈၅ ဆက်မြောက် အုန်းပေါင် စော်ဘွားအဖြစ် ဆက်ခံ၍ သီပေါမြို့သို့ ရောက်ရှိလာခဲ့သည်။ စော်ဘွားကြီးစောကြာခိုင်သည် နမ့်ပေါ့ချောင်းတောင်ဘက်ရှိ ယခင်မြို့တည်ထားသည့် အုန်းပေါင်မြို့ဟောင်းသည် လူဦးရေများပြားကာ ရေရှားပါးကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့်အုန်းပေါင်မြို့ တောင်ဘက်တွင် မြို့သစ်တည်ရန် အမှုထမ်း ပညာရှိ၊ မင်းတိုင်ပင် ရှမ်းအမျိုးသား အကြီးအကဲများနှင့် ညှိနှိုင်း၍ ပြည်သူများရွှေ့ပြောင်းနေထိုင်ကြရန် ညွှန်ကြားပြီး မြေတိုင်းအမတ်ကြီး ဦးမြို့ကို တာဝန်ပေးအပ်ခဲ့သည်။
မြို့သစ်မတည်မီ ကောဇာသက္ကရာဇ် ၁၂၄၉ ခုနှစ် တပေါင်းလပြည့် (ခရစ်နှစ် ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်) စနေနေ့တွင် စော်ဘွားကြီး စံမြန်းမည့် ဟော် နန်းဆောက်လုပ်ရန် ယခု သီပေါမြို့ ပြည်သူ့ဆေးရုံနေရာတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
မြို့၏ ထောင့်လေးထောင့်ဖြစ်သော အရှေ့မြောက်ထောင့် ရွှေညောင်ပင်၊ အရှေ့တောင်ထောင့်တွင် ယခု အကောက်ခွန်ဦးစီးဌာနဝင်း၊ အနောက်တောင်ထောင့်တွင် အုတ်ကျင်းရပ်နှင့် အနောက်မြောက်ထောင့်တွင် ယခုမြန်မာရပ်ဧည့်ရိပ်သာ ဝင်းနေရာတို့၌ ကွမ်းစီ မင်္ဂလာဦးရင်တိုင် လေးတိုင်ကို စိုက်ထူ၍ ဆီအပြည့် ထည့်ထားသော ဆီအိုးကြီးလေးလုံးကို တစ်လုံးနှင့် တစ်လုံးတာ ၂၅၀ ခြားလျက် တစ်ပြိုင်တည်း မြှုပ်နှံခဲ့သည်။ မြှုပ်နှံထားသော ဆီအိုးကြီးများမှ ဆီများ မခန်းခြောက်သရွေ့ မြို့ရွာ စည်ပင်ဝပြော အေးချမ်းသာယာစေရန် ရည်ရွယ်ခဲ့သည်။
သီပေါ စော်ဘွားကြီးစောကြာခိုင်သည် မန္တလေး မြို့တည် နန်းတည် မင်းတုန်း မင်းကြီးထံပါးတွင် ကြီးပြင်းလာခဲ့သူဖြစ်သဖြင့် မန္တလေး ရတနာပုံနေပြည်တော် မြို့သစ်တည်စဉ်က မြို့လေးထောင့်တွင် ဆီအိုးကြီးများမြှုပ်နှံခဲ့သည့် နည်းတူ အုန်းပေါင် သီပေါမြို့သစ်ကို တည်ထောင်ချိန်တွင် ဆီအိုးကြီးများကို မြှုပ်နှံခဲ့သည်။
သီပေါမြို့ တည်နေရာသည် မြေမျက်နှာပြင်ညီညာခြင်း၊ လူနေရပ်ကွက်များကို အကွက်ကျကျ ဖော်ထားခြင်း၊ လမ်းများ ဖြောင့်ဖြူးခြင်း စသည်တို့သည် မန္တလေးမြို့ ကဲ့သို့ပင်ဖြစ်သည်။ မြို့တည် ဆီအိုးကြီးများသည် ပိဿာ ၅၀ ဝင် စဉ့်အိုးကြီးများ ဖြစ်ကာ သုံးပေပတ်လည်၊ သုံးပေအမြင့်နေရာ၌ လေးထောင့် အုတ်ရိုး ပေါင်းကူး နည်းဖြင့် မြှုပ်နှံခဲ့သည်။ မြို့လေးထောင့်မှ ဆီအိုးကြီးများသည် တစ်ထောင့်နှင့် တစ် ထောင့် ၂၇၆ ပေစီ ကွာဝေးကြကြောင်း တွေ့ရှိရသည်။
ဆီအိုးကြီးများမြှုပ်နှံခဲ့သည့် သမိုင်းကြောင်း အထောက်အထားများကို ပြည့်စုံစွာ တွေ့ရှိရသော်လည်း မည်သည့် နေရာတွင် မြှုပ်နှံခဲ့ကြောင်း တိကျစွာ မသိရှိခဲ့ကြရချေ။ သို့သော် သက်တော် ၁၀၅ နှစ်ရှိ နိုင်ငံတော် ဩဝါဒါစရိယ သီပေါဆရာတော် ဘဒ္တ လာဘဝံသ၏ မိန့်ကြားချက်ဖြင့် ဆီအိုးကြီးများကို ၁၉၉၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းဆီအိုးကြီးလေးလုံးအနက် မြန်မာရပ်ဧည့်ရိပ်သာဝင်းအတွင်းမှ ဆီအိုးတွင် ဆီများ အပြည့်ကျန်ရှိနေကာ အကောက်ခွန်ဦးစီးဌာနဝင်းမှ တွေ့ရှိသည့် ဆီအိုးတွင် ဆီများသည် ခြောက်လက်မခန့် လျော့နည်းနေခဲ့သည်။ အုတ်ကျင်းရပ်မှ ဆီအိုးတွင်မူ ဆီများလုံးဝမကျန်ရှိတော့ဘဲ ဆီချိုးခဲများကိုသာတွေ့ရှိခဲ့ရသည်။ ရွှေညောင်ပင်မှ ဆီအိုးမှာမူ မြစ်ရေတိုက်စားရာတွင် ပါရှိသွားခဲ့ဟန်ရှိကာ လုံးဝမတွေ့ ရှိခဲ့ရတော့ချေ။
ယင်းဆီအိုးများကို နှမ်းဆီစစ်စစ်များ အပြည့်ဖြည့်သွင်းကာ ၁၉၉၂ ခုနှစ် ဇူလိုင် လ ၁၂ ရက် နံနက် ၇ နာရီတွင် မူလ နေရာများ၌ ပြန်လည်မြှုပ်နှံခဲ့သည်။ ရွှေညောင်ပင်အရပ်တွင်မူ မူလဆီအိုးကို မတွေ့ရှိရတော့သဖြင့် အိုးအသစ်တွင် ဆီအပြည့်ဖြည့်ကာ မြှုပ်နှံခဲ့ရပေသည်။
သို့ဖြစ်ရာ ရှေးနှစ်ပေါင်း ၁၀ဝ ကျော်က ရှေးဟောင်း သမိုင်းဝင် သီပေါမြို့တည် ဆီအိုးကြီးများကို ရှေးမူမပျက် ဆီများ ပြန်လည် ဖြည့်သွင်းပြီး မြို့နယ် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ထားနိုင်ခဲ့သည်။
ကျောက်မဲ မြေကုန်းများ
ကျောက်မဲမြို့သည် သီပေါမြို့မှ အနောက်ဘက် ၃၆ ကီလိုမီတာ အကွာတွင် တည်ရှိကာ ကျောက်မဲမြို့နယ်သည် အရှေ့မှ အနောက်သို့ ၄၈ မိုင်နှင့် တောင်မှ မြောက်သို့ ၃၃ မိုင်ရှည်လျားကာ မြို့နယ်အတွင်း၌ ရှမ်းလူမျိုး အများဆုံး နေထိုင်လျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ကျောက်မဲမြို့ကို မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ် ကဆုန်လဆန်း ၈ ရက် (ခရစ်နှစ် ၁၉၀၂ ခုနှစ် မေလ ၁၄ ရက်)၊ ဗုဒ္ဓဟူးနေ့တွင် ယခင်ကျွဲကုန်းကျေးရွာနှင့် ကျောက်မဲကြီး ကျေးရွာအကြားတွင် တည်ထားခဲ့သည်။ ကျောက်မဲမြို့ကို သီပေါစော်ဘွား ဆာစောချယ်၊ လားရှိုးအရေးပိုင် မစ္စတာ ဘွန်တန်၊ ကျွဲကုန်းနယ်ပိုင် ဦးခွန်ထွန်းနှင့် ကျောက်မဲနယ်ပိုင် ဦးဆံတို့က ပန္နက်ရိုက်ပေးခဲ့သည်ဟု ဆိုသည်။
ထိုစဉ်က နမ့်တုံမြို့သစ်ဟု ခေါ်တွင်ခဲ့သော်လည်း မြို့သစ်နေရာတွင်တွေ့ရှိရသည့် အနက်ရောင်ကျောက်တုံးများကို အစွဲပြု၍ နောက်ပိုင်းတွင် ကျောက်မဲဟု အမည် တွင်ခဲ့သည်ဟုဆိုကြသည်။ ထို့အတူ ရှေးအခါက ဝန်တင်နွားများ ရပ်နားသည့် စခန်းနေရာ ဖြစ်ခဲ့သည့် ယင်းနေရာတွင် နွားများ၏ ဝန်တင်ကုန်းနှီးများကို ပြန်လည် ချည်နှောင်လေ့ရှိရာ နွားများက ရုန်းကန် ခုန်ပေါက်သဖြင့် ရှမ်းစကားဖြင့် ပန်ကျောက်မဲ့ဟု ခေါ်ဆိုရာမှ ကျောက်မဲဟုပြောင်းလဲခဲ့သည်ဟုလည်း ယူဆခဲ့ကြသည်။
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရက်စွဲဖြင့် ကျောက်မဲမြို့ကို ဖွဲ့စည်းခဲ့ရာ ယခုအချိန်တွင် ကျောက်မဲမြို့နယ်တွင် မြို့သုံးခု(ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ)၊ ရပ်ကွက် ၂၀၊ကျေးရွာအုပ်စု ၇၁ အုပ်စု၊ ကျေးရွာ ၃၇၈ ရွာ တည်ရှိသည်။
ကျောက်မဲမြို့မှ အနောက်ဘက် ခုနစ်မိုင်အကွာတွင်ရှိသည့် မိုင်းတင်းကျေးရွာ ဝန်းကျင်တွင် ထူးခြားသော အဝိုင်းပုံ မြေကုန်းကြီးသုံးခုကို ဖိုခနောက်ဆိုင်ပုံစံ မြင်တွေ့ခဲ့ရသည်။ ယင်းမြေကြီးကုန်းကြီးများကို လိုက်လံပြသခဲ့သူ ကိုအောင်ထိုက်က မြေကျုံးခံတပ်များဟု ယာယီအမည်ပေးခဲ့ကာ မိုင်းတင်းကျေးရွာဝန်းကျင်တွင် မြေကုန်းကြီး ငါးခုနှင့် အသေး လေးခု၊ စုစုပေါင်း ကိုးခု တည်ရှိနေသည်။
ခံတပ်ပုံဖြစ်နေသည့် မြေကုန်းများအနက် အချို့ကုန်းများ၏ ပတ်လည်ရှိ ကျုံးပုံသ္ဌာန် မြေချိုင့်တွင် ရေများဝင်နေသော်လည်း အချို့ကုန်းများတွင် ရေဝင်ရောက်နေခြင်း မရှိချေ။ ယင်းမြေကုန်းများသည် အဝိုင်းပုံများဖြစ်ကာ အနောက်ဘက်သို့ မျက်နှာပြုထားကြပြီး ကုန်းပေါ်သို့ တက်သည့် ဝင်လမ်းများအဆုံး မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီးများ ရှိနေသည်။
သုံးပွင့်ဆိုင်တည်ရှိနေသည့် မြေကြီးကုန်းအကြီးသုံးခုသည် ကျုံးအကျယ် ပေ ၇၀၊ အနက် ၂၃ ပေရှိကာ အဝင်လမ်း အကျယ်သည် ၂၃ ပေ ဖြစ်သည်။ မြေကုန်း၏ ထိပ်ပိုင်းအကျယ်သည် ၁၂၅ ပေရှိ၍ ကုန်းမျက်နှာပြင်သည် ပေ ၁၂၀ဝ ရှိသည်။
ခံတပ်အငယ်များမှာမူ ကျုံးအကျယ် ၄၃ ပေ၊ အနက် ၁၃ ပေရှိကာ အဝင်လမ်း အကျယ်သည် ၁၅ ပေဖြစ်သည်။ မြေကုန်း၏ ထိပ်ပိုင်းအကျယ်သည် ၉၅ ပေရှိ၍ ကုန်းမျက်နှာပြင်သည် ပေ ၇၅၀ ရှိသည်။
မိုင်းတင်းရွာ ပါးစပ်ရာဇဝင်များအရ ရွာကို ဘီလူးစားမည် ဟုဆိုသဖြင့် ရွာပတ်လည်တွင် ခံတပ်များကို တစ်ညအတွင်း အပြီးတူးမည်၊ မပြီးမှသာ ရွာသူရွာသားများကို စားရန် ဘီလူးနှင့် ရွာသားများ သဘောတူခဲ့ပြီး ခံတပ်များကို တူးခဲ့ကြရာ မိုးလင်းလုနီးတွင် အဝင်လမ်းသာ ကျန်ရှိနေသဖြင့် သိကြားမင်းက ဖန်ဆင်းပေးခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။
ယင်းခံတပ်ဟုဆိုသည့် မြေကုန်းများသည် ပျက်စီးမှု အလွန်နည်းပါးနေသေးသဖြင့် သက်တမ်းများစွာ မကြာသေးဟု ယူဆနိုင်သော်လည်း မိုင်းတင်းရွာဒေသခံများသည် ဘီလူးရာဇဝင်ကိုသာ သိရှိပြောဆိုခဲ့ကြသဖြင့် သမိုင်းနောက်ခံ လမ်းစပျောက် နေခဲ့ရပေသည်။ မည်သို့ပင်ဖြစ်စေ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါအုန်းပေါင်မြို့ ဟောင်းနှင့်ကျောက်မဲ မြေကုန်းများသည် စိတ်ဝင်စားဖွယ် သမိုင်းအထောက်အထားများ ဖြစ်နိုင်သဖြင့် သုတေသနပြုကာ ဖော်ထုတ်နိုင်ကြပါစေကြောင်း ကျောက်မဲမြို့မှ ကိုအောင်ထိုက်နှင့် ရှေးမြို့ဟောင်းများရှာဖွေရေး ဝါသနာရှင် လူငယ်များအား တိုက်တွန်းခဲ့ပါသည်။ ။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ (၈)
ဘော်ကြို ဘုရားသမိုင်းကျောက်စာ(၁၃၁၉ ခုနှစ်)
ဘော်ကြို မုဋ္ဌောစေတီ သမိုင်း
ဒေသဆိုင်ရာ အချက်အလက်များ(ကျောက်မဲ၊သီပေါ)