၁၇  မတ်

ကုန်းဘောင်ခေတ်၏ နောက်ဆုံးဘုရင့်နန်းမြို့တော်ဖြစ်သည့် ရတနာပုံမန္တလေးကို ခရစ်နှစ် ၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်းကြီးက တည်ထောင်ခဲ့ချိန်တွင် မြို့၏ထောင့်လေးထောင့်၌ ဆီအိုးကြီးလေးလုံးကို မြှုပ်နှံခဲ့သည်။ မန္တလေးမြို့ကိုတည်ပြီး နှစ် ၃၀ နီးပါးအကြာတွင် တည်ထောင်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အုန်းပေါင်(ယခု သီပေါမြို့) တွင်လည်း မြို့ထောင့်လေးထောင့်၌ ဆီအိုးကြီးလေးလုံးကို မြှုပ်နှံခဲ့သည်။

သီပေါမြို့တွင် ရှိနေခဲ့သော ဆီအိုးများမြှုပ်နှံခဲ့သည့် နေရာကို နှစ်ကာလရှည်ကြာစွာ မသိရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် ဆီအိုးကြီးများကို တူးဖော်တွေ့ရှိခဲ့သဖြင့် ဆီများဖြည့်တင်းကာ မူလနေရာအသီးသီး၌ ပြန်လည် မြှုပ်နှံခဲ့သည်။ မြို့တည်ဆီအိုးများ မြှုပ်ခဲ့သည့်နေရာ လေးခုကို ၂၀၁၉ ခုနှစ်တွင် ခြံစည်းရိုးများကာရံ၍ ကြွေပြား များခင်းကာ မှတ်တမ်းတိုင်များစိုက်ထူပြီး သမိုင်းကြောင်းဆိုင်ရာ အချက်အလက်အကျဉ်းကို ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားဖော်ပြထားသဖြင့် သီပေါမြို့သို့ ရောက်ရှိကြသူတိုင်း သွားရောက်လေ့လာ ကြည့်ရှုနိုင်ကြ ပေသည်။

သီပေါမြို့ရှိ ဆီအိုးလေးလုံးမြှုပ်နှံခဲ့သည့် နေရာများကို သီပေါမြို့မှ သတင်းစာဆရာ ဦးစိုင်းသာလှိုင်(စိုင်း၊ သီပေါ)နှင့် အငြိမ်းစားကျောင်းဆရာ ဦးထွန်းရွှေတို့ လိုက်လံပြသပေးသဖြင့် လေ့လာခွင့်ရရှိခဲ့ပါသည်။ ဆီအိုး လေးလုံးအနက် အရှေ့မြောက်ထောင့်၊ ရွှေညောင်ပင်ရှိ ဆီအိုးသည် ဒုဋ္ဌဝတီမြစ်ကမ်းဘေး၌ တည်ရှိ၍ အနောက် တောင်ထောင့်၊ အုတ်ကျင်းရပ်ရှိ ဆီအိုးသည် မြို့အပြင် လယ်ကွင်းများကြား၌ တည်ရှိနေသည်။

ဆီအိုးများမြှုပ်နှံခဲ့စဉ်က ယင်းနေရာများတွင် လူကို စတေးကာ မြှုပ်နှံခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သော်လည်း အထောက်အထားမရှိသည့် နှုတ်ပြောစကားများဟုသာ ယူဆမိပါသည်။

မြန်မာ့ မြို့ဟောင်းများ

လွန်ခဲ့သည့်နှစ် ၉၀၀၀ မှ ၅၀၀၀ အတွင်းဟု သက်တမ်းတွက်ထားသည့် ကျောက်ခေတ်အမျိုးသမီး ဦးခွံတစ်ခုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းရှိ ဂူတစ်ခု၏ ဝင်ပေါက်မှရရှိခဲ့ကြောင်း မြန်မာ့ရက်စဉ်သမိုင်းတွင် ဖော်ပြထားချက်အရ ယင်းဦးခွံသည် မြန်မာနိုင်ငံ၏ ကျောက်ခေတ်လူသားအထောက်အထားတစ်ရပ် ဖြစ်ခဲ့ သည်။

ကျောက်ခေတ်ဟောင်းနှောင်းပိုင်းနှင့် ကျောက်ခေတ်သစ်ဦးပိုင်းတွင် ကျောက်ခေတ် လူသားအချို့သည် ယခု ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင်တည်ရှိသည့် ပြဒါးလင်းဂူတွင် နေထိုင်ခဲ့ကြကြောင်း အထောက် အထားများကို တွေ့ရှိခဲ့သည်။

ကျောက်ခေတ်ကို ကျော်လွန်ခဲ့ပြီး ခရစ်တော်မပေါ်မီ နှစ် ၁၅၀၀ မှ ၆၀၀ အတွင်း၌ မြန်မာနိုင်ငံတွင် ကြေးခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကာ ခရစ်တော်မပေါ်မီ နှစ် ၇၀၀ တွင် တောင် သမန်ဒေသ၌ သံခေတ်ဦးကာလ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းခဲ့သည်။ ခရစ်တော်မပေါ်မီ နှစ် ၆၀၀ တွင် တကောင်းဒေသ၌ မြို့ရွာတည်ထောင်မှု စတင်ခဲ့သည်။

မြို့ရွာများကို ထူထောင်ကြချိန်တွင် နန်းမြို့အပါအဝင် မြို့ပြများ၏ မြို့ရိုးများကို မြေကြီး၊ သစ်၊ အုတ်၊ ကျောက် စသည်တို့ဖြင့် တည်ဆောက်ခဲ့ကြသောကြောင့် မြို့ရိုး ဟောင်း၊ မြို့ရိုးပျက်များကို မြို့ဟောင်းများတည်ရှိခဲ့သည့် နေရာများတွင် ယခုတိုင် မြင်တွေ့နိုင်ကြသည်။

မြို့ကြီးများနှင့် ခံမြို့အချို့၏ မြို့ရိုးပတ်လည်၌ ကျုံး ကို တူးဖော်ခဲ့ကြသဖြင့် မြို့ရိုးများမရှိတော့သည့်တိုင် အချို့မြို့ဟောင်းများတွင် ကျုံးနှင့်ကျုံးရာများ ကျန်ရှိနေ ကြသည်။ မြို့ရိုးများကို တံခါး၊ တံခါးပြ၊ တန်ဆောင်း၊ ပြာသာဒ်၊ ပြအိုး၊ ပစ္စင်၊ ရဲလောင်း၊ ရင်တား၊ သူရဲခို၊ မီးတား စသည့် အင်္ဂါအစိတ်အပိုင်းများ ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။

မြန်မာ့မြို့ဟောင်းများတွင် သရေခေတ္တရာနှင့် ပင်လယ်(မိုင်းမော) တို့သည် အဝိုင်းပုံဖြစ်၍ ဟံသာဝတီ(ပဲခူး)၊ ဟံသာဝတီ (တောင်ငူ) နှင့် ပခန်းကြီးတို့သည် ထောင့်မှန် စတုဂံပုံ ဖြစ်ကြ၍ ကလေး၊ ပေါရိသတ်၊ ဝါခရူနှင့် သရက် ခုံ(ရေဇင်း) တို့သည် မှန်ကူ ကွက်ပုံရှိသည်။

အင်း၀မြို့ဟောင်းသည် ထောင့်ချိုးအမျိုးမျိုးပါရှိသည့် မော်ယွန်းချိုးပုံစံဖြစ်ကာ ဟန်လင်း၊ ဗိဿနိုးနှင့် ဝေသာလီနှင့် ဓညဝတီတို့သည် လေးထောင့်မဟုတ်၊ အဝိုင်းမဟုတ်သည့် အကွေးအဝန်းပုံရှိကြသည်။ မြောက်ဦး မြို့ဟောင်းကိုမူ မည်သည့်ပုံဟု ပြောဆိုရန် ခက်ခဲကာ ရတနာပုံမန္တလေး၊ အမရပူရနှင့် ရတနာသိင်္ဃ ရွှေဘိုမြို့ ဟောင်းတို့သည် အနားလေးဖက်ညီ စတုရန်းပုံ မြို့ဟောင်း များဖြစ်ကြပြီး ပုဂံမြို့ဟောင်းကိုလည်း စတုရန်းပုံဟု ဆိုကြ ကြောင်း သစ်တောဌာနမှ ဦးအောင်မြင့်က ကောင်းကင် ဓာတ်ပုံများဖြင့် ဖော်ထုတ်ခဲ့သည်။

လူဦးရေတိုးပွားခဲ့ပြီးနောက် တကောင်း၊ မိုင်းမော၊ သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့်ထင်ရှားသောမြို့ပြ များ ပေါ်ထွန်းခဲ့ကြသည်။ ခေတ်အဆက်ဆက် မြို့ပြများကို ထူထောင်ခဲ့ကြရာ မထင်ရှားသော မြို့ပြများလည်း ပါဝင်ခဲ့ပြီး ပညာရှင်များက ကောင်းကင်ဓာတ်ပုံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ဟောင်းများကို ဖော်ထုတ်နိုင်ခဲ့သည်။

သီပေါ အုန်းပေါင်

မြန်မာ့ ရှေးမြို့ဟောင်းများအနက် ယခုရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်တွင် တည်ရှိ၍ ရန်ကုန်မြို့မှ ၈၂၅ ကီလိုမီတာနှင့် မန္တလေးမြို့မှ ၂၀၆ ကီလိုမီတာ ကွာ ဝေးသည့် သီပေါ မြို့သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းတွင် သီပေါမြို့ကို ခရစ်နှစ် ၁၈၈၈ ခုနှစ် မတ်လတွင် သီပေါ စော်ဘွားစဝ်ကြာ ထွန်း၏ သားတော်စဝ်ကြာခိုင်ခေါ် စဝ်ခွန်ဆိုင်က မန္တလေးမြို့ ပုံစံအတိုင်းတည်ထားခဲ့သည်ဟု ဖော်ပြထားသည်။ သီပေါမြို့ကို နမ့်ပေါ့ချောင်း၏ ပါးစပ်ဝတွင် တည်ထားခဲ့သဖြင့် ရှမ်းဘာသာစကားဖြင့် ဆွတ်ပေါ့ (ပါးစပ်၀၌ တည်ထား သောမြို့) ဟုခေါ်ဆိုခဲ့ပြီး ဆွတ်ပေါ့မှ ဆီပေါ၊ သီပေါဟု အဆင့်ဆင့် ရွေ့လျားခေါ်တွင်ခဲ့သည်ဟုလည်း ယူဆခဲ့ကြသည်။

မြန်မာ့စွယ်စုံကျမ်းတွင် အုန်းပေါင်စော်ဘွားသည် အုန်းပေါင်မြို့တွင် နန်းစိုက်ခဲ့ပြီး အရပ်အနေမသင့်သော ကြောင့် လက်ရှိ သီပေါမြို့နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ သီပေါမြို့၌ ဟော်တည်ဆောက်ရန် မြေတူးရာမှ ပတ္တမြား တစ်လုံးရရှိခဲ့ကာ ရှမ်းဘာသာစကားဖြင့် ဆိုင်ပေါ်ဟု ခေါ်ဆိုခဲ့ရာ ကာလကြာမြင့်လာချိန်တွင် ဆိုင်ပေါ်မှ ဆီပေါ၊ ဆီပေါမှ သီပေါဟု ရွေ့လျောလာဟန်ရှိကြောင်း ဖော်ပြထားသည်။

သီပေါမြို့ကို တော်လှန်ရေးကောင်စီအစိုးရလက်ထက် (ခရစ်နှစ် ၁၉၆၂ -၁၉၇၄) မတိုင်မီက မြို့ပိုင်တစ်ဦးက အုပ်ချုပ်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် ပြည်ထဲရေးနှင့် သာသ နာရေးဝန်ကြီးဌာနက သီပေါမြို့နယ်ကို ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာ ၄၇၆ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။

သီပေါ မြို့နယ်သည် ၂၀၄၅ စတုရန်းမိုင်ကျယ်ဝန်းလျက် အရှေ့ဘက်တွင် လားရှိုးမြို့နယ်နှင့် မိုင်းရယ်မြို့နယ်၊ အနောက်ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်နှင့် ကျေးသီးမြို့နယ်၊ မြောက်ဘက်တွင် နမ့်ဆမ်နှင့် နမ္မတူမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။

တောင်ကုန်းတောင်တန်းများ ထူထပ်၍ မြေပြန့်လွင်ပြင်နည်းပါးသည့် သီပေါမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၁၃၉၈ ပေမြင့်ကာ မြို့နယ်၏ ၈၆ ဒသမ ၃၄ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းထားသည်။ ဒုဋ္ဌဝတီမြစ်သည် သီပေါမြို့၏ အရှေ့ဘက်မှ ဖြတ်သန်းလျက် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေပြီး အနောက်မှ အရှေ့သို့ စီးဆင်းနေသည့် နမ့်ပေါ့ချောင်းသည် သီပေါမြို့ လယ်မှ ဖြတ်သန်းလျက် ဒုဋ္ဌဝတီမြစ်အတွင်းသို့ စီးဝင်သွား သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ လူဦးရေ ၁၆၄၄၉၄ ဦးရှိသည့် သီပေါမြို့နယ်တွင် ရှမ်းနှင့် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ပလောင်၊ လီဆူအစရှိသည့် အခြားတိုင်းရင်သားများလည်း နေထိုင်လျက်ရှိကြသည်။

တစ်ချိန်က ရှမ်းစော်ဘွားများ ဟော်နန်းစိုက်ခဲ့သည့် သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် ၁၉၂၄ ခုနှစ်က တည် ဆောက်ခဲ့သည့် စဝ်အုံကြာဟော်၊ ကုန်းဘောင်ခေတ် လက်ရာစေတီ ၃၀ ကျော် စုစည်းနေသည့် ပုဂံငယ် (Little Bagan)၊ သီပေါမြို့ပြင်ရှိ ပေါ်ကြိုဘုရားနှင့် ဒုဋ္ဌ ဝတီမြစ်တို့ကို အေးချမ်းလှပသော သီပေါမြို့၏ အမှတ် လက္ခဏာများအဖြစ် မြင်တွေ့ကြရသည်။

အုန်းပေါင်မြို့ နောက်ခံ

သီပေါမြို့ကို မတည်မီက စော်ဘွားများသည် အုန်းပေါင်တွင် ဟော်နန်းစိုက်ခဲ့ကြသည်။ Google မြေပုံ ပေါ်တွင် တွေ့ရှိရသည့် အုန်းပေါင်မြို့ဟောင်းဟု ယူဆရသည့် မြို့ရိုးသည် ခရုသင်းတစ်ခုနှင့် ဆင်တူနေကာ ပုံသဏ္ဌာန်အချိုးကျနမှုမရှိဘဲ တောင်ဘက်သို့ ချွန်ထွက် နေသည်။

ပေါ်ကြိုဘုရား သမိုင်းကျောက်စာအရ သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် တတိယ သင်္ဃာယနာတင်ခဲ့ပြီး ဘုရားရှင်သာသနာနှစ် ၅၀၀၀ အရှည်တည်တံ့စေရန် ၈၄၀၀၀ သော ကောင်းမှုများကို ပြုလုပ်ခဲ့သည့်အနက် သီပေါအုန်းပေါင်မြို့ အနောက်ဘက်၊ ဒုဋ္ဌဝတီမြစ်အနီး၌ တည်ထားခဲ့သည့် စေတီတော်တစ်ဆူလည်း အပါအဝင်ဖြစ်သည်။ ယင်းနေရာကို ဘုရားလောင်းဝက်မင်းဖြစ်ခဲ့ချိန်က ဝက်လူးအိုင်နေရာ ဟု ယုံကြည်ခဲ့ကြကြောင်း ရေးသားဖော်ပြထားသည်။

အုန်းပေါင်မြို့ဟောင်း၏ အစွန်းဟုယူဆရသည့် နေရာတွင် တစ်စိတ်တစ်ပိုင်း ပြိုပျက်နေသည့် အုတ်မြို့ ရိုးဟောင်းတစ်ခုကို တွေ့ရှိကြရပြီး ယင်းနေရာသည် သီပေါ- ကျောက်မဲ မော်တော်ကားလမ်း၏ လက်ဝဲဘက် စံဖိတ်ကျေးရွာဖြစ်ပြီး ပေါ်ကြိုဘုရား၏ အရှေ့ဘက်ဖြစ်သည်။ ကျောက်စာအရ ယင်းနေရာသည် အုန်းပေါင်မြို့ ဟောင်း၏ အဆုံးနေရာဟု ယူဆရဖွယ်ရှိသည်။

အုန်းပေါင်မြို့ဟောင်းသည် ပေါ်ကြိုဘုရား၏ အရှေ့ဘက်မှ သီပေါမြို့ရှိ ဆာစောချယ် သင်္ချိုင်းဂူရှိသည့် နေရာ အထိ ကျယ်ဝန်းခဲ့ကြောင်း ယူဆနိုင်ဖွယ်ရှိကာ အုန်းပေါင် မြို့ဟောင်း၏ နေရာအချို့တွင် ပြိုပျက်နေသည့် အုတ်မြို့ ရိုးရာများကို တွေ့မြင်ကြရပြီး အချို့နေရာများတွင် မြေမြို့ ရိုးများကို တွေ့ရှိခဲ့ရပေသည်။

မြို့တည်ဆီအိုးကြီးများ

ရှမ်းရာဇဝင်ကျမ်းများအလိုအရ သီပေါစော်ဘွားဆက်သည် ပထမဆုံးစော်ဘွား ခွန်ခမ်းဇော်(သာသနာနှစ် ၄၈၅ -၅၂၀) မှ နောက်ဆုံးစော်ဘွားကြီး စဝ်ကြာဆိုင်အထိ ၉၁ ဆက်ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ပထမဆုံး စော်ဘွားအုပ်စိုးခဲ့ချိန်သည် ခရစ်တော်မပေါ်မီ နှစ် ၆၀ ဝန်းကျင်ဖြစ်နေပြီး ခိုင်မာသောအထောက်အထားများ မတွေ့ရှိ သေးချေ။

လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၃ နှစ်တွင် အုန်းပေါင်စော်ဘွားဖြစ်လာခဲ့သည့် ၈၅ ဆက်မြောက် စော်ဘွားကြီး စဝ်ကြာခိုင် ခေါ် စဝ်ခွန်ဆိုင်သည် ခရစ်နှစ် ၁၈၈၈ ခုနှစ် တွင် သီပေါမြို့ကို တည်ခဲ့စဉ်က မြို့သူမြို့သား၊ နယ်သူ နယ်သားများ အေးချမ်းသာယာ၀ပြောစေရန် ရည်ရွယ်လျက် မြို့၏ထောင့်လေးထောင့်တွင် လောကီအစီအမံများ ပြုလုပ်ပြီး ဆီအိုးကြီးလေးလုံးကို မြှုပ်နှံခဲ့သည်။

ဆီအိုးထဲမှ ဆီများမခန်းခြောက်သရွေ့ မြို့ရွာစည်ပင် ၀ပြောအေးချမ်းစေရန် ရည်ရွယ်ခဲ့သည်။ ဆီအိုးကြီးများသည် ပိဿာ ၅၀ ဝင်အိုးများဖြစ်ကြပြီး သုံးပေပတ်လည်၊ သုံးပေအမြင့် လေးထောင့်ပုံ အုတ်ရိုးပေါ်တွင် မြှုပ်နှံခဲ့သည်။ သီပေါမြို့သည် အုန်းပေါင်လေးမြို့ (သီပေါ၊ မိုင်းလုံ၊ မိုင်းတုံ၊ သုံးဆယ်) ရုံးစိုက်ရာ မြို့အုန်းပေါင်ဟု ထင်ရှားခဲ့ပြီး မြို့တည်ဆောက်ခဲ့ပုံ အနေအထားသည် ထီးဟန်နန်း ဟန်ဆန်ခဲ့သည်။ သီပေါမြို့တည်နေရာသည် မြေမျက်နှာ ပြင်ညီညာပြီး လူနေရပ်ကွက်များကို အကွက်ကျကျ ဖော်ထားခြင်း၊ လမ်းများကို ဖြောင့်တန်းစွာဖောက်လုပ် ထားခြင်းတို့သည် မန္တလေးမြို့နှင့် တူညီသည်။

အုန်းပေါင်စော်ဘွားဆက်၊ သီပေါစော်ဘွားများသည် ဟံသာဝတီ၊ အင်း၀၊ အမရပူရ၊ ရတနာပုံစသည့် မြို့တော် များတွင် နန်းစိုက်ခဲ့ကြသည့် မြန်မာဘုရင်များနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည်။ ယခု သီပေါ မြို့တည်ရှိရာ နမ့်ပေါ့ချောင်းတောင်ဘက်တွင် မြို့သစ်တည်ခဲ့သည့် အုန်းပေါင်စော်ဘွား စောကြာခိုင်သည် မက္ခရာမင်းသား၊ သုံးဆယ်မင်းသား စသော မင်းတုန်းမင်း၏သားတော်များနှင့်အတူ မင်းရေး၊ မင်းရာ၊ ရာဇဝင်၊ နိပါတ်၊ ပိဋကတ်၊ ဗေဒင်ပညာများကို သင်ယူတတ်မြောက်ခဲ့သည်။

၈၄ ဆက်မြောက် အုန်းပေါင်စော်ဘွားကြီး ခွန်ကြာထွန်းသည် ကောဇာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၁၃ ရက် (ခရစ်နှစ် ၁၈၆၆ ခုနှစ် အောက်တိုဘာလ ၂၁ရက်)တွင် အုန်းပေါင်လေးမြို့အတွင်းရှိ သုံးဆယ်မြို့၌ နတ်ရွာစံခဲ့ပြီးနောက် သားတော်စဝ်ကြာခိုင်ခေါ် စဝ်ခွန်ဆိုင်သည် ၈၅ ဆက်မြောက် အုန်းပေါင်စော်ဘွားအဖြစ် ဆက်ခံ၍ သီပေါမြို့သို့ ရောက်ရှိလာခဲ့သည်။ စော်ဘွားစဝ်ကြာခိုင် ခေါ် စဝ်ခွန်ဆိုင်သည် နမ့်ပေါ့ချောင်း တောင်ဘက်ရှိ အုန်းပေါင်မြို့သည် လူဦးရေများပြားလျက် ရေရှားပါးနေပုံကို သိရှိခဲ့ကာ အုန်းပေါင်မြို့၏ တောင်ဘက်တွင် မြို့သစ်တစ်ခု တည်ထောင်ရန်စီစဉ်ခဲ့သည်။

စော်ဘွားကြီးသည် အမှုထမ်းပညာရှိ၊ မင်းတိုင်ပင် ရှမ်းတိုင်းရင်းသားအကြီးအကဲများနှင့် ညှိနှိုင်းလျက် မြေတိုင်းအမတ်ဦးမြို့ကို မြို့သစ်တည်ရန် တာဝန်ပေးခဲ့ပြီး အုန်းပေါင်တွင် နေထိုင်ကြသူများကို မြို့သစ်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ခဲ့သည်။

ကောဇာသက္ကရာဇ် ၁၂၄၉ ခုနှစ် တပေါင်းလပြည့် (ခရစ်နှစ် ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်) စနေနေ့ တွင် ဟော်နန်းဆောက်လုပ်ရန် ယခု သီပေါမြို့ ပြည်သူ့ ဆေးရုံနေရာတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည်။

မြို့၏ထောင့်လေးထောင့်ဖြစ်သော အရှေ့မြောက်ထောင့် ရွှေညောင်ပင်၊ အရှေ့တောင်ထောင့်ရှိ ယခု အကောက်ခွန်ဦးစီးဌာနရုံးဝင်း၊ အနောက်တောင်ထောင့်ရှိ အုတ်ကျင်းရပ်နှင့် အနောက်မြောက်‌ထောင့်ရှိ မြန်မာရပ် ဧည့်ရိပ်သာနေရာတို့၌ ကွမ်းစီမင်္ဂလာဦးရေတိုင် လေးတိုင်ကို စိုက်ထူ၍ ဆီအပြည့်ထည့်ထားသော ဆီအိုးကြီး လေးလုံးကို တစ်လုံးနှင့် တစ်လုံးတာ၂၅၀ ခြားကာ မြှုပ်နှံခဲ့သည်။

စော်ဘွားကြီးသည် မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကြီးထံမှောက်ဝယ် ကြီးပြင်းခဲ့ပြီး မိမိစော်ဘွား ဖြစ်လာချိန်တွင် အုန်းပေါင်သီပေါမြို့သစ်အား မန္တလေး မြို့ပုံစံကိုယူ၍ တည်ဆောက်ခဲ့ပြီး မန္တလေးမြို့ကို တည်ထားခဲ့စဉ်က မြို့လေးထောင့်၌ ဆီအိုးကြီးများမြှုပ်နှံခဲ့သည့်နည်းတူ အုန်းပေါင် သီပေါမြို့သစ်ကို တည်ထောင်ချိန်တွင် ဆီအိုးများမြှုပ်နှံခဲ့သည်။

ဆီအိုးကြီးများ မြှုပ်နှံခဲ့သည့် သမိုင်းကြောင်း အထောက်အထားများကို ပြည့်စုံစွာတွေ့ရှိရသော်လည်း မည်သည့်နေရာတွင် မြှုပ်နှံခဲ့ကြောင်း ကာလရှည်ကြာစွာ ကပင်မည်သူမျှ တိတိကျကျ မသိရှိခဲ့ချေ။ သို့သော် သီပေါ မြို့မှ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တလာဘ ဝံသ၏ မိန့်ကြားချက်အရ ၁၉၉၂ ခုနှစ်တွင် မြို့တည် ဆီအိုးကြီးများကို ရှာဖွေတွေ့ရှိခဲ့သည်။

ဆီအိုးကြီးလေးလုံးအနက် မြန်မာရပ်ဧည့်ရိပ်သာဝင်း အတွင်းမှ ဆီအိုးတွင် ဆီများအပြည့်ကျန်ရှိနေကာ အကောက်ခွန်ဦးစီးဌာနဝင်းမှ တွေ့ရှိသည့် ဆီအိုးတွင် ဆီများသည် ခြောက်လက်မခန့် လျော့နည်းနေခဲ့သည်။ အုတ်ကျင်းရပ်မှ ဆီအိုးတွင်မူ ဆီများ လုံး၀မကျန်ရှိတော့ဘဲ ဆီချိုးခဲများ ကိုသာ တွေ့ရှိခဲ့ရသည်။ ရွှေညောင်ပင်မှ ဆီအိုးမှာမူ မြှုပ်နှံခဲ့သည့်နေရာတွင် မရှိတော့သဖြင့် ဒုဋ္ဌဝတီမြစ်ရေ တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ဟန်ရှိကြောင်း ယူဆခဲ့ ကြသည်။

ယင်းဆီအိုးများကို နှမ်းဆီစစ်စစ်များ အပြည့်ဖြည့် သွင်းကာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၂ ရက် နံနက် ၇ နာရီတွင် မူလနေရာအသီးသီး၌ ပြန်လည်မြှုပ်နှံခဲ့သည်။ ရွှေညောင်ပင်အရပ်တွင် မူလဆီအိုးကို မတွေ့ရှိရတော့သဖြင့် အိုး အသစ်တွင် ဆီအပြည့်ဖြည့်ကာ မြှုပ်နှံခဲ့သည်။

လွန်ခဲ့သောနှစ် ၁၃၀ ကျော်က တည်ခဲ့သည့် အုန်းပေါင် သီပေါမြို့ရှိ မြို့တည်ဆီအိုးကြီးလေးလုံးသည် သီပေါမြို့၏ သမိုင်းမှတ်တမ်း အထောက်အထားတစ်ရပ် အဖြစ် ထင်ရှားစွာကျန်ရှိခဲ့ပေသည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)

 

ကိုးကား-

မြန်မာ့စွယ်စုံကျမ်းအတွဲ(၈) ဘော်ကြိုဘုရား သမိုင်းကျောက်စာ(၁၃၁၉ ခုနှစ်) မြန်မာ့ရက်စဉ်သမိုင်း (သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

သီပေါမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ(ပြည်ထဲရေးဝန်ကြီးဌာန)