သီပေါ ဇန်နဝါရီ ၈
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် အကြိမ်(၅၀)မြောက်အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ ခုနှစ်၊   ဇန်နဝါရီလ ၃ ရက်မှ ၈ ရက်နေ့အထိ  မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
    
အဆိုပါ  မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ပြင်ဦးလွင်၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိပြီး ဇန်နဝါရီလ ၃ ရက်မှ ၇ ရက်နေ့အထိ ၅ ရက်တာကာလအတွင်း မျက်စိ စမ်းသပ်လူနာ(၁၁၉၉ )ဦး၊ခွဲစိတ်လူနာ(၄၀၃)ဦး၊ စုစုပေါင်း မျက်စိဝေဒနာရှင် (၁၆၀၂ ) ဦး တို့အား စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။

ထို့နောက် သီပေါမြို့နှင့် အနီးတစ်ဝိုက် မြို့များဖြစ်သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ကွတ်ခိုင်၊ နမ့်ဆန်(မြောက်)၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များမှ မျက်စိဝေဒနာရှင်များ၊ သီပေါမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာရှင်များလာရောက်စမ်းသပ်ကုသလျက်ရှိကြောင်း ၊ ဇန်နဝါရီလ ၃ ရက်မှ ၈ ရက်နေ့အထိ (၆)ရက်ကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မဟာမြတ်မုနိ ဘုရားကြီးအကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)