သီပေါ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)နှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အခြေခံ စားသောက်ကုန် ပစ္စည်း(၈)မျိုးကို ကိုဗစ်-၁၉ ကာလ အခက်အခဲရှိသော ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများနှင့် တိုက်ပွဲရှောင်ပြည်သူများသို့ အဆိုပါအသင်းမှ ဆက်လက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ခေါက်ဆွဲခြောက်စသည့်အခြေခံစားသောက်ကုန်(၈)မျိုးကို ရပ်ကွက်၊ ကျေးရွာများအလိုက်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများအား လှူဒါန်းပေးရာတွင်စက်တင်ဘာလ ၁၅ ရက်နေ့က ကောင်းခမ်းရပ်ကွက်မှ အိမ်ထောင်စု(၃၀)၊ အေးချမ်းသာ ရပ်ကွက်မှ အိမ်ထောင်စု(၁၈)စု၊ ကုန်းညောင်ရပ်ကွက်မှ အိမ်ထောင်စု(၁၅)စု၊ ကောင်းလန်းရပ်ကွက်မှ အိမ်ထောင်စု(၁၀)စုနှင့် ကောင်းလန်းရပ်ကွက်ရှိ ယာယီတိုက်ပွဲရှောင်စခန်းမှ ပြည်သူ(၂၅)ဦးအတွက်နှင့် စုစုပေါင်း (၁၁၃) အိမ်ထောင်စုကို လှူဒါန်းပေးခဲ့ပြီး၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၅)ရက်နေ့အထိ အိမ်ထောင်စုပေါင်း (၁၂၀၀)နီးပါးခန့်ကို လှူဒါန်း ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသောရပ်ကွက်၊ ကျေးရွာများရှိ အခက်အခဲရှိသော အိမ်ထောင်စုများအား ဆက်လက် လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)