သီပေါ ၂၆ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၃၀)မှ ကျေးရွာ(၃၃၀)ရွာရှိ အိမ်ထောင်စု (၁၈၀ဝ၀)ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KOICA) နှင့် ကိုးရီးယားသမ္မတ နိုင်ငံရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျေးရွာများ၌ ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနှင့် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာအရောက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စွမ်းအားမြှင့်မီးဖို သုံးစွဲပုံ သုံးစွဲနည်း စနစ်များ၊ စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို စိုက်ပျိုးရေးဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးမည့် ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ကွင်းဆင်း၍ လက်တွေ့ပြသ ရှင်းလင်းဆွေးနွေးပေးလျက်ရှိကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေမိုးသူက ပြောကြားခဲ့သည်။
ခင်လေး(ပြန်/ဆက်)


