သီပေါ ဒီဇင်ဘာ ၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပန်းတိမ်မြောက်ရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်း များသည်  ပန်းတိမ်မြောက်ရပ်ကွက်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချသော ကုန်ပစ္စည်း များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား များဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာဖြင့် တွဲလျက် ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန် ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

           

စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက်လက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက ပြောကြားခဲ့သည်။

 

ခင်လေး(သီပေါ၊ပြန်/ဆက်)