၉ နိုဝင်ဘာ

 

သီရိလင်္ကာနိုင်ငံတွင် မြို့တော်ကိုလံဘို အပါအဝင် အနောက်ပိုင်းပြည်နယ်တွင် ချမှတ်ထားသည့် ညမထွက်ရအမိန့်ကို ယနေ့မနက်ပိုင်းတွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

သီရိလင်္ကာစစ်တပ်အကြီးအကဲနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာကွယ်ရေးဆိုင်ရာ အမျိုးသားစစ်ဆင်ရေးစင်တာ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရှာဗန်ဒရာ ဆေလ်ဗာ က ထိုဒေသတွင် ညမထွက်ရအမိန့် ၁၀ ရက်ကြာ ချမှတ်ခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

 

အာဏာပိုင်များက စီးပွားရေးလုပ်ငန်းများပြန်လည်စတင်ရန်အလို့ငှာ ညမထွက်ရအမိန့်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သော်လည်း ကျန်းမားရေးဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်မှုများ မဖြစ်ပွားစေရန် ကျန်းမာရေးလမ်းညွှန်ချက်များကို တင်းကျပ်စွာလိုက်နာရန် နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားအားလုံးအား သတိပေးပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့က နှာခေါင်းစည်းမပါပဲ နေအိမ်မှအပြင်ထွက်သူများနှင့် လူအချင်းချင်းခပ်ခွာခွာနေထိုင်မှုမရှိသူများအား ဖမ်းဆီးသွားမည်ဖြစ်ပြီး ဒဏ်ငွေရိုက်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနစာရင်းများအရ မတ်လက ပထမဆုံးဒေသခံလူနာ ကိုဗစ်-၁၉ ရောဂါကူးစက်ရကြောင်း တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူပေါင်း ၁၃၄၁၉ ဦး ရှိလာခဲ့ပြီး ၃၄ ဦး သေဆုံးသည်ဟု သိရသည်။

 

နိုင်ငံအတွင်း ယနေ့အထိ ပီစီအာစစ်ဆေးမှုပေါင်း ၅၉၀၀၀၀ ကျော် ပြုလုပ်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ပြီးခဲ့သည့်လ ကတည်းကမှ ယခုချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို