ကိုလံဘို၊ ဖေဖော်ဝါရီ ၁၃
သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်း ကာပီတီယာကမ်းခြေ၌ ဝေလငါး ၁၄ ကောင် သောင်တင်ခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံတောရိုင်းတိရစ္ဆာန်ဌာနက ပြောသည်။
သီရိလင်္ကာရေတပ်ဖွဲ့ အပါအဝင် ရဲအရာရှိများနှင့် တောရိုင်းတိရစ္ဆာန် ဌာနတို့က ဝေလငါးများကို ကယ်ဆယ်ပြီးနောက် ပင်လယ်ထဲသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း တောရိုင်းတိရစ္ဆာန်ဌာနက ပြောကြားသည်။
သောင်တင်နေသော ဝေလငါးများအနက် သုံးကောင်မှာ သေဆုံးသွားကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံရှိ ကမ်းခြေများတွင် ဝေလငါးများ သောင်တင်လေ့ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် သီရိလင်္ကာ ကမ်းခြေတစ်ခု၌ ဝေလငါးအကောင်ရေ ၁၀၀ ကျော် အစုလိုက်အပြုံလိုက် သောင်တင်ခဲ့ပြီး ဝေလငါးသုံးကောင် သေဆုံးခဲ့ကြောင်း သိရသည်။
ဝေလငါးများသည် အဆက်အသွယ် မပြတ်စေဘဲ အစုလိုက်အပြုံလိုက် သွားလာတတ်သည့် သတ္တဝါများဖြစ်ကြောင်း အဏ္ဏဝါဇီဝဗေဒပညာရှင်များက ဆိုသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်