ဖေဖော်ဝါရီ ၁၈
သီရိလင်္ကာနိုင်ငံ၏လေဆိပ်များတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ခရီးသည် ၁၀၄၅၀၉၇ ဦးဖြင့် လစဉ်လေကြောင်းခရီးသွားအများဆုံးစံချိန်တင်ခဲ့ကြောင်း နိုင်ငံပိုင် လေဆိပ်စီမံခန့်ခွဲမှုကုမ္ပဏီဖြစ်သော Airport and Aviation Services (Sri Lanka) (Private) Limited (AASL) ကုမ္ပဏီက ပြောကြားခဲ့သည်။
ယခင်လက လေကြောင်းခရီးသွားစံချိန်တင်မှုသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စံချိန်တင် ခရီးသည် ၁၀၃၄၆၈၇ ဦးထက် ကျော်လွန်သွားသည်ဟု ဖော်ပြထားသည်။
သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် (SLTDA) မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာလည်း ဆက်လက်မြင့်တက်လျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလ၏ ပထမ ၁၅ ရက်အတွင်း ခရီးသွားဧည့်သည် ၁၅၉၃၃၉ ဦး ရောက်ရှိလာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ခရီးသွားဧည့်သည် ၂၄၀၂၁၇ ဦး ရောက်ရှိခဲ့သည်ဟု သိရသည်။
နောက်ဆုံးထုတ်ပြန်သော ဖေဖော်ဝါရီလကိန်းဂဏန်းများအရ ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု စုစုပေါင်း ၄၃၆၆၆၆ ဦး ရှိရာ အိန္ဒိယနိုင်ငံမှ လာရောက်လည်ပတ်သူ ၇၈၁၅၇ ဦး၊ ယူနိုက်တက်ကင်းဒမ်းမှ ၄၇၃၄၇ ဦး နှင့် ရုရှားနိုင်ငံမှ ၃၉၇၄၁ ဦး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


