ကိုလံဘို အောက်တိုဘာ ၂၄
သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့က ၎င်းတို့၏ နိုင်ငံသားများအတွက် နိုင်ငံပေါင်းခုနစ်နိုင်ငံမှ ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် ကမ်းလှမ်းလာမှုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး ဟာရင် ဖာနန်ဒိုက အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံအစိုးရအဖွဲ့သည် ၂၀၂၄ ခုနှစ် မတ် ၃၁ ရက် အထိ ရှေ့ပြေးစီမံချက်အဖြစ် သတ်မှတ်ကာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အား ပြည်ဝင်ခွင့် ကင်းလွတ်ခွင့်အတည် ပြုခဲ့ကြောင်း ယခင်က တွစ်တာဟု လူသိများသော လူမှုမီဒီယာ “X” တွင် သီရိလင်္ကာနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး ဟာရင်ဖာနန်ဒိုက ရေးသားဖော်ပြခဲ့သည်။
သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ် အတွင်းက နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းဝင်ရောက်ခဲ့ခြင်း ကြောင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြား သားခရီးသွား နှစ်သန်းအထိ ဆွဲဆောင်နိုင်ရန် မျှော်မှန်းထား ကြောင်း သီရိလင်္ကာနိုင်ငံခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိသည့်လုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ဆုတ်ယုတ်မှုဒဏ်ကို ခံခဲ့ရကြောင်းလည်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်