ဝါရှင်တန်   ဧပြီ   ၁၅

 

ဂျပန်၊ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် သီရိလင်္ကာနိုင်ငံ၌ တင်နေသော ကြွေးမြီအကျပ်အတည်းကို ကူညီပေးနိုင်ရန် အစီအစဉ်သစ်တစ်ရပ်ကို စတင်လိုက်ကြောင်း သိရသည်။

 

ထို့အပြင် ချေးငွေပေးချေခြင်း ကာလနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ပါဝင်လာကြရေးနှင့် အခြားသော ဆောင်ရွက်ချက်များကို လုပ်ဆောင်ရေး အဆိုပါနိုင်ငံများက သီရိလင်္ကာနိုင်ငံသို့ ချေးငွေချေးထားသော နိုင်ငံများအား တောင်းဆိုလိုက်သည်။ ဂျပန်၊ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် အဆိုပါ အစီအစဉ်ကို ဝါရှင်တန်၌ ဧပြီ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဂျီ -၂၀ နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများသည် အမေရိကန်နိုင်ငံ၏ မြို့တော်တွင် တွေ့ဆုံခဲ့ကြသည်။ တရုတ်နိုင်ငံသည်သီရိလင်္ကာနိုင်ငံသို့ ချေးငွေအမြောက်အမြား ချေးထားသော နိုင်ငံဖြစ်ပြီး ထိုအစီအစဉ်တွင် ပါဝင်မည်လား ဆိုသည်ကို ပြောကြားထားခြင်းမရှိပေ။ အဆိုပါ သုံးနိုင်ငံအနေဖြင့် ကြွေးရှင်အားလုံးကို ပူးပေါင်းပါဝင်ရန် ကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း ထို ကြိုးပမ်းအားထုတ်မှုတွင် ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဆူဇူကီး ရှူနိရှိက ပြောသည်။

 

သီရိလင်္ကာနိုင်ငံ ဘဏ္ဍာရေးသည် ငွေကြေးဆိုင်ရာ မူဝါဒ မအောင်မြင်မှု၊ ဈေးနှုန်းမြင့်တက်လာမှုနှင့် နိုင်ငံ၏ ငွေကြေးသိသိသာသာ ကျဆင်းလာမှုတို့၏ ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ ထို့အပြင်သီရိလင်္ကာ နိုင်ငံသည် ပြီးခဲ့သည့်နှစ် ဧပြီလ မှစပြီး ပြည်ပကြွေးမြီပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ထားသည်။

 

အင်န်အိတ်ချ်ကေ