ကိုလံဘို၊ စက်တင်ဘာ ၂၃

 

သီရိလင်္ကာနိုင်ငံ၏ နဝမမြောက်သမ္မတအဖြစ် အနူရာကုမာရာ ဒစ္စနာယာကီသည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကိုလံဘိုရှိ သမ္မတရုံး၌ ကျမ်းသစ္စာကျိန်ဆိုသည်။ ၎င်း၏ အစိုးရအဖွဲ့သည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်း၏အဓိကတာဝန်မှာ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို ဖန်တီးရန်ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောကြားသည်။ ကျွမ်းကျင်သူများနှင့်လက်တွဲပြီး တိုင်းပြည်အတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်များ  ချမှတ်သွားမည်ဟု ဒစ္စနာယာကီက ပြောကြားသည်။ သီရိလင်္ကာနိုင်ငံသည် ပြည်ပနိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန်လိုအပ်ပြီး အားလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် ကတိပြုထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

အမျိုးသားပြည်သူ့အင်အားစု (အင်န်ပီပီ) ၏ ကိုယ်စားလှယ်လောင်း ဒစ္စနာယာကီသည် စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသူအဖြစ် ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။

 

ဒစ္စနာယာကီကို မြောက်အလယ်ပိုင်းပြည်နယ် အနူရာဒပူရခရိုင်ရှိ ရွာတစ်ရွာ၌ ၁၉၆၈ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် မွေးဖွားခဲ့သည်။ ကျောင်းတက်နေစဉ်ကတည်းက ဂျာနာသာဗီမွတ်က်သီ ပယ်ရာ မူနာ ပါတီ (ဂျေဗွီပီ) ၏ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ ပါတီသို့ဝင်ရောက်ကာ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ၎င်းသည် ၁၉၉၅ ခုနှစ်တွင် ကီလာနီယာတက္ကသိုလ်မှ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၉၈ခုနှစ်တွင် ဂျေဗွီပီပါတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်ဖြစ်လာသည်။

 

၂၀၀၀ ပြည့်နှစ်တွင် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဂျေဗွီပီပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အမျိုးသားပြည်သူ့အင်အားစု (အင်န်ပီပီ)နှင့် မိတ်ဖက်ညွန့်ပေါင်းပါတီ အဖွဲ့အစည်းများ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ဒစ္စနာယာကီ သမ္မတသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် သီရိလင်္ကာဝန်ကြီးချုပ် ဒင်းနစ်ရှ် ဂူနာ ဝါဒီနာသည် စက်တင်ဘာ ၂၃ ရက် နံနက်တွင် ၎င်း၏ တာဝန်မှ နုတ်ထွက်ခဲ့သည်။

 

ဆင်ဟွာ