၂၂ ဧပြီ
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (အီစတာနေ့)က ခရစ်ယာန်ဘုရားကျောင်းများနှင့် ဇိမ်ခံဟိုတယ်များ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူဦးရေ ၂၉၀ ထိရှိပြီး ဒဏ်ရာရရှိသူ ၅၀ဝ ခန့်ရှိကြောင်း ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့မနက်က အတည်ပြုပြောကြား လိုက်ပါတယ်။

အီစတာနေ့ မှာ ဘုရားရှိခိုးကြမယ့်သူတွေကို ဦးတည်ပြီး နေရာ ၈ နေရာတွင် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ နိုင်ငံတကာခရီးသွား အများစုတည်းခိုရာ ဟိုတယ်တွေကို အဓိကထား တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများထဲမှ အနည်းဆုံး ၂ နေရာတွင် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ တစ်ခုမှာ ဟိုတယ်ရဲ့ မနက်စာ စားရန် တန်းစီနေချိန်တွင် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအပြီး ညမထွက်ရအမိန့်ကို တစ်နိုင်ငံလုံးမှာ ထုတ်ပြန်ခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ ရုပ်သိမ်းလိုက်ပါတယ်။ မြို့တော် ကိုလံဘိုရှိ အဓိက လေဆိပ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို တွေ့ရှိခဲ့တာကြောင့် ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သီရိလင်္ကာနိုင်ငံဟာ လူဦးရေ ၂၁ သန်းသာရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး အဲဒီထဲမှာ ၆ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ အရင်ကတိုက်ခိုက်မှုများရှိခဲ့ပေမယ် အခုလောက် ရက်စက်တဲ့ တိုက်ခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံခြင်းမရှိသေးပေမယ့် ဆက်စပ်မှုရှိသူလို့ ယူဆသူ ၂၄ ဦးအထိ ဖမ်းဆီးထားပါတယ်။

သေဆုံးသူအများစုဟာ သီရိလင်္ကာနိုင်ငံသားတွေဖြစ်ပေမယ့် အိန္ဒိယနိုင်ငံသား ၃ ဦး၊ ဗြိတိန် ၃ ဦး၊ တူရကီ ၂ ဦး၊ ပေါ်တူဂီ ၁ ဦး၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ၂ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး တို့ပါဝင်ပြီး အမည်မဖော်နိုင်သေးတဲ့ ရုပ်အလောင်း ၂၅ လောင်း ဟာလည်း နိုင်ငံခြားသားများဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တိုက်ခိုက်မှု မဖြစ်ခင် ၁၀ ရက်လောက်အလိုက ထောက်လှမ်းရေးသတင်းတွေအရ နာမည်ကြီး ခရစ်ယာန်ဘုရားကျောင်းများကို NJT အဖွဲ့ရဲ့ အသေခံတိုက်မှုများပြုလုပ်နိုင်ကြောင်း ရဲတပ်ဖွဲအကြီးအကဲကနေ ထိပ်တန်းအရာရှိတွေကို သတိပေးထားတဲ့စာကို AFP က တွေ့ရှိကြောင်း သတင်းမှာရေးသားထားပါတယ်။
NJT အဖွဲ့ဟာ သီရိလင်္ကာနိုင်ငံရှိ လူမျိုးရေးအစွန်းရောက်အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးခဲ့ပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်က တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း သတင်းရရှိခဲ့ပေမယ့် ဘာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကြောင့် တမီးသူပုန်တွေနဲ့ နှစ်ပေါင်း ၃၇ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။
ပြည်တွင်းစစ် အပြီးမှာ ဘာသာရေး ပဋိပက္ခတွေက အခုနှစ်ပိုင်းအတွင်းမှာ ဖြစ်ပွားနေခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ပုပ်ရဟန်းမင်းအပါအဝင် ကမ္ဘာတစ်ဝန်းက နိုင်ငံ့ခေါင်းဆောင်တွေက ပြစ်တင်ဝေဖန်နေကြပြီး မြို့တော်ကိုလံဘိုရှိ သံရုံးဝန်ထမ်းတွေကို သံရုံးအတွင်းမှာ နေထိုင်ဖို့ သတိပေးထားပါတယ်။
MDN
ကိုးကား - AFP