၂၄ ဧပြီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုများအပါဝင် ဗုံးခွဲတိုက်ခိုက်သူများကြောင့် လူပေါင်း ၃၅၉ ယောက် အထိ သေဆုံးပြီး ၅၀ဝ နီးပါး ထိခိ်ုကဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို IS တို့က ပြုလုပ်ခဲ့ကြောင်း ဝန်ခံပြောကြားပါတယ်။

ထောက်လှမ်းရေး သတင်းတွေအရ နေရာ လေး နေရာကို ဝင်ရောက် စီးနင်းရှာဖွေရာ တိုက်ခိုက်မှုများမှာ ပါဝင်သူဟု ယူဆရသူ ၁၈ ဦးကို ဒီကနေ့ ထပ်မံဖမ်းဆီးရာ စုစုပေါင်း ၅၈ ဦးထိ ဖမ်းထားကြောင်း၊ နောက်ထပ် ဖမ်းဆီးမှုတွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေး ဒုဝန်ကြီးက ထုတ်ပြန်ပြောကြားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ယူထားကြောင်း သိရပါတယ်။ အခုလို လုံခြုံရေးတင်းကျပ်နေတဲ့ကြားက ဗုဒ္ဓဟူးက သံသဖြစ်ဖွယ် အထုတ်တစ်ထုတ်နဲ့ မော်တော်ကားတစ်စင်းတို့မှာပါရှိလာတဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ခွဲမှုမှာပါဝင်တဲ့ တစ်ဦးက ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး၊ ဘွဲ့လွန်ပညာရပ်ကို သြစတြေးလျး နိုင်ငံမှာ ပညာသင်ယူခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူဖြစ်တယ်။ တခြားပါဝင်သူတွေဟာလည်း နိုင်ငံရပ်ခြားသို့ သွားရောက်ဖူးသူများဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒါ့အပြင် မြို့တော် ကိုလံဘိုရှိ အထက်တန်းလွှာ အသိုင်းအဝန်းမှ ဟင်းခတ်အမွှေးအကြိုင်ကုန်သည်ရဲ့ သားနှစ်ဦးဖြစ်သူတို့ကလည်း ဇိမ်ခံဟော်တယ် နှစ်ခုမှာ အသေခံဗုံးခွဲခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗုံးခွဲမှုတွေကြောင့် သေဆုံးသူများထဲတွင် ဒိန်းမတ်နိုင်ငံသား ဘီလီယံနာ တစ်ဦးဟာ မိသားစုနဲ့အတူ သီရိလင်္ကာနိုင်ငံကို လာရောက်လည်ပတ်စဉ် သူ့ရဲ့ ကလေး ၃ ဦး လည်း ပါဝင်ခဲ့ပြီး ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ဗုံးခွဲတိုက်ခိုက်မှုအတွင်းမှာ ကလေးငယ် အနည်းဆုံး ၄၅ ဦး ပါဝင်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP