ဖေဖော်ဝါရီ ၅
သီရိလင်္ကာနိုင်ငံတွင် စာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်သည် ဆရာ၊ ဆရာမဦးရေ ၁၀ ဦးထက်နည်းပါးသော အရေအတွက်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း နိုင်ငံ၏ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
အဆိုပါအချက်အလက်များအရ အမျိုးသားကျောင်းတစ်ကျောင်းအပါအဝင် ကျောင်းပေါင်း ၃၁၂၆ ကျောင်းသည် ဆရာ ၁၀ ဦးထက်နည်းပါးသော အရေအတွက်ဖြင့် လည်ပတ်လျက်ရှိပြီး နောက်ထပ်ကျောင်း ၄၂၆၃ ကျောင်းတွင် ဆရာ ၁၀ ဦးမှ ၂၅ ဦးအထိရှိကာ အများစုသည်ဝန်ထမ်းအကန့်အသတ်ဖြင့် လည်ပတ်လျက်ရှိသည်ဟု ညွှန်ပြလျက် သည်။
ထိုအချက်အလက်များတွင် စာသင်ကျောင်းအရွယ်အစား ကွာဟချက်များကိုလည်း ဖော်ပြထားသည်။ ကျောင်းပေါင်း ၁၅၇၆ ကျောင်းတွင် ကျောင်းသား ၅၀ အောက်သာရှိသော်လည်း ကျောင်းပေါင်း ၃၆ ကျောင်းတွင် ကျောင်းသား ၄၀၀၀ ကျော်အသီးသီရှိကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ အစိုးရကျောင်းများတွင် ကျောင်းသား ၃ ဒသမ ၈၂ သန်းနီးပါး ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိအလုပ်အကိုင်အခွင့်အလမ်းများကို တုံ့ပြန်သည့်အနေဖြင့် အစိုးရသည် အမျိုးသားနှင့် ပြည်နယ်ကျောင်းများတွင် ဆရာ၊ ဆရာမတာဝန်ထမ်းဆောင်ရန် ဘွဲ့ရများထံမှ လျှောက်လွှာများ ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


