နိုဝင်ဘာ ၂၆

သီရိလင်္ကာနိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း မိုးနှင့်ဆက်စပ်သည့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် လူပေါင်း ၅၀၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ ( ဒီအမ်စီ )က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များတွင် ရေကြီးရေလျှံမှု၊ လေပြင်းတိုက်မှု၊ မိုးကြိုးပစ်မှုနှင့် သစ်ပင်များလဲကျမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် အိမ်ထောင်စု ၁၅၀၂၃ စုမှ ၅၂၆၂၉ ဦး ထိခိုက်မှုရှိသည်ဟု ဒီအမ်စီကဆိုသည်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာကြောင်း မိုးလေဝသဌာနက ယမန်နေ့ကပြောကြားသည်။

Trincomalee ခရိုင်နှင့်မြောက်ပိုင်းပြည်နယ်ရှိ အချို့သောနေရာများတွင် မိုးရေချိန် ၁၅၀ မီလီမီတာအထက် မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိသည်ဟု မိုးလေဝသဌာနက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို