ဖေဖော်ဝါရီ ၂၀

သီရိလင်္ကာနိုင်ငံအရှေ့ပိုင်း ဘတ်တီကာလိုရာမြို့မှ မြို့တော်ကိုလံဘိုသို့ဦးတည်သွားသည့်ရထားတစ်စင်းသည် ယမန်နေ့ မနက်ပိုင်းက တောဆင်ရိုင်းအုပ်စုကိုတိုက်မိသဖြင့် တောဆင်ရိုင်းခြောက်ကောင်သေဆုံးပြီး အခြားတောဆင်ရိုင်း နှစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါမတော်တဆမှုသည် ဂါလ်အိုရာဘူတာရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ထိုမတော်တဆမှုတွင် ရထားစက်ခေါင်းတွဲ လမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း ရထားပေါ်ပါခရီးသည်တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားသည်။

အလားတူဖြစ်ရပ်မျိုး လွန်ခဲ့သောအောက်တိုဘာလက ၎င်းရထားလမ်းမှာပင်ဖြစ်ပွားခဲ့ရာ တောဆင်ရိုင်းနှစ်ကောင်သေဆုံးပြီး အခြားတောဆင်ရိုင်းများ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို