ကိုလံဘို ဇွန် ၂
သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘို အပါအဝင် ခရိုင် ၁၅ ခုရှိ ဒေသ ၇၁ ခုကို သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ မြင့်မားသောဇုန်များအဖြစ် သတ်မှတ်ခဲ့ကြောင်း သီရိလင်္ကာ အမျိုးသား သွေးလွန်တုပ်ကွေး ထိန်းချုပ်ရေးယူနစ် (NDCU) က ဇွန် ၂ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ စစ်တမ်းကောက်ယူပြီး ခြင်ပေါက်ပွားရာနေရာများ မြင့်တက် လျက်ရှိသည်ကိုတွေ့ရှိကြောင်း အမျိုးသားသွေးလွန် တုပ်ကွေးထိန်းချုပ်ရေးယူနစ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဇန်နဝါရီလမှ ဧပြီလအထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်းမှာ နည်းပါးသော်လည်း အနောက် တောင်မုတ်သုံလေစတင်မှုနှင့်အတူ မေလမှစတင်၍ ရောဂါဖြစ်ပွားနိုင်မှု မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သီရိလင်္ကာ အမျိုးသားသွေးလွန်တုပ်ကွေး ထိန်းချုပ်ရေးယူနစ်၏အဆိုအရ ယခုနှစ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၂၅၀၀၀ နီးပါး အစီရင်ခံခဲ့ပြီး အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူ ကိုးဦးရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်