ဇွန် ၂၀

 

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုပေါင်း ၈၈၇၅ ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၄၃ ဦး သေဆုံးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး လာဆန်တာ အလာဂျီရဝမ်နာက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုများတွင် ဘတ်စ်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးယာဉ်များပါဝင်သည်ဟု ၎င်းကဆိုသည်။

 

ယာဉ်မတော်တဆဖြစ်ပွားမှုအရေအတွက်များကို လျှော့ချရန် ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို စတင်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။ အနောက်ပိုင်းပြည်နယ်တွင် ယာဉ်မောင်းနှင်နေစဉ်အတွင်း ယာဉ်မောင်းများ ဆေးဝါးသုံးစွဲမှု၊ အရက်သေစာသောက်စားထားမှုရှိ၊ မရှိစစ်ဆေးမှုအစီအစဉ်ကို မေလ ၁၈ ရက်က စတင်ကာဆောင်ရွက်ခဲ့သည်ဟု ထိုဝန်ကြီးကဆိုသည်။

 

အနောက်ပိုင်းပြည်နယ်တွင် ဇွန်လ ၁၂ ရက်မှ ၁၇ ရက်နေ့အတွင်း စုစုပေါင်းယာဉ်မောင်း ၁၇၈၁ ဦးတွင်  ဆေးဝါးများသုံးစွဲထားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်ဝန်ကြီးက ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း  ယာဉ်မတော်တဆမှုဖြစ်မှုပေါင်း ၁၉၇၄၀ ခန့်ရှိပြီး ၂၄၈၅ ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို