မတ် ၁၆

သီရိလင်္ကာသမ္မတ အနူရာ ကုမာရာ ဒစ်ဆာနာယာကေးသည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြားတွင် လောင်စာဆီသုံးစွဲမှုကို လျှော့ချရန်နှင့် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဝန်ထမ်းများကို အဝေးမှအလုပ်လုပ်ခြင်းဖြစ်နိုင်ခြေရှိ၊ မရှိစစ်ဆေးရန် ဝန်ကြီးဌာနများကိုညွှန်ကြားခဲ့ကြောင်း သမ္မတ၏မီဒီယာဌာန (PMD) က ယမန်နေ့ကကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

လောင်စာလိုအပ်ချက်များနှင့် ဝန်ဆောင်မှု ဆက်လက်လုပ်ဆောင်နိုင်ရေးကို ဦးစားပေးကာ ကျန်းမာရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းအပါအဝင် အဓိကကဏ္ဍများ၏ လိုအပ်ချက်များကို ပြန်လည်သုံးသပ်သည့်အစည်းအဝေးတွင်  ထိုကဲ့သို့ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖြစ်ပေါ်လာနိုင်သော အလှည့်အပြောင်းများအတွက် အသင့်ပြင်ဆင်ထားရန်၊ တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်ရန်နှင့် ကဏ္ဍများအတွင်း ညှိနှိုင်းဆောင်ရွက်ရန် သမ္မတက တာဝန်ရှိသူများအား တိုက်တွန်းပြောကြားခဲ့သည်။

အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ လောင်စာဆီဖြန့်ဖြူးမှုကို စီမံခန့်ခွဲရန်  ကျူအာရ်ကုဒ်စနစ်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန်လည်း သမ္မတက တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။ ကျူအာရ်ကုဒ်စနစ်နှင့်အတူ အပတ်စဉ်လောင်စာဆီခွဲတမ်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို