ကိုလံဘို မတ် ၂၇
သီရိလင်္ကာနိုင်ငံရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် လောင်စာဆီချွေတာသုံးစွဲရေး ညွှန်ကြားချက်များကို အရေးပေါ်လုပ်ငန်းများဆိုင်ရာ ကော်မရှင်နာချုပ်ရုံးက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခအရ နိုင်ငံအတွင်းသို့ လောင်စာဆီတင်သွင်းရန် အခက်အခဲရှိနိုင်သဖြင့် အဆိုပါ ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်းဖြစ်သည်။
အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများတွင် လောင်စာဆီနှင့် လျှပ်စစ်သုံးစွဲမှုချွေတာရန် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
တာဝန်ရှိသူများအနေဖြင့် အလုပ်သို့လာရောက်ရာတွင် မော်တော်ယာဉ်သုံးစွဲခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ပြီး အများပြည်သူဆိုင်ရာယာဉ်များကို စီးနင်းသွားလာရမည်ဟု အကြံပြုထားသည်။ အစိုးရဌာနများ အနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ယာဉ်သုံးစွဲမှု လျှော့ချရမည်ဖြစ်သည်။ လမ်းမီးများကို မလိုအပ်သည့်အချိန်တွင်ပိတ်ထားရန် ညွှန်ကြားခဲ့သည်။
စွမ်းအင်ချွေတာရေး နည်းလမ်းများအဖြစ် သဘာဝအလင်းရောင်ကို အများအပြားအသုံးပြုရန်၊ အဲယားကွန်းများအစား လျှပ်စစ်ပန်ကာများ သုံးစွဲရန်နှင့် ဓာတ်လှေကားသုံးစွဲခြင်းကို လျှော့ချပြီး သာမန်လှေကားမှ အတက်အဆင်းပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
ထို့ပြင်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများအား နေအိမ်တွင် လုပ်ငန်းဆောင်ရွက်ရန် အခြေအနေပေးပါက လုပ်ငန်းခွင်သို့လာရောက်ရန်မလိုဘဲ အိမ်မှလုပ်ငန်းဆောင်ရွက်ခွင့်ပြုနိုင်ရန် ညွှန်ကြားထားသည်။ အမျိုးသားစွမ်းအင် ဖူလုံရေးအတွက် တာဝန်ရှိသူများက လိုအပ်သလို ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်- စိုးသူရ


