ကိုလံဘို စက်တင်ဘာ ၆
သီရိလင်္ကာနိုင်ငံသို့ ယခင်လက ခရီးသည်ဝင်ရောက်မှု စံချိန်တင်ကျဆင်းမှုနှင့်အတူ ဩဂုတ်လအတွင်း ခရီးသည် ၃၇၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက စက်တင်ဘာ ၅ ရက်တွင် ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံတွင် ဇူလိုင်လအတွင်းက ခရီးသည်ဝင်ရောက် မှုမှာ ၄၇၂၉၃ ဦးရှိရာမှ ဩဂုတ်လအတွင်း ခရီးသည် ၃၇၇၆၀ ရှိ သဖြင့် ၂၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ သို့သော် ယခုနှစ်ကုန်တွင် ခရီးသည် တစ်သန်းကျော် ဝင်ရောက်ရန် လုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း ခရီးသွားလာရေး ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ သိရသည်။
သီရိလင်္ကာနိုင်ငံသို့ မေလတွင် ခရီးသည်ဝင်ရောက်မှု ၃၀၂၀၇ ဦးရှိရာ ယခုနှစ်၏ ပြီးခဲ့သော ရှစ်လအတွင်း ခရီးသည်ဝင်ရောက်မှု အနည်းဆုံးဖြစ်ကြောင်း၊ ဒုတိယခရီးသည် အနည်းဆုံးဝင်ရောက်မှုမှာ ဇွန်လအတွင်းက ၃၂၈၅၆ ဦးရှိပြီး ယခုနှစ် ပထမရှစ်လအတွင်း သီရိလင်္ကာနိုင်ငံသို့ ခရီးသည် ၄၉၆၄၃၀ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် နေ့စဉ်ပျမ်းမျှ ခရီးသည်ဝင်ရောက်မှု အများဆုံးမှာ မတ်လတွင် ၃၆၀၀ ကျော်ရှိပြီး စီးပွားရေး အကျပ်အတည်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ခရီးသည်ဝင်ရောက်မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း ခရီးသွားလာရေးဝန်ကြီး ဟာရင်ဖာနန်ဒိုက မကြာသေးမီက ပြောကြားသည်။
ဆင်ဟွာ