ဇန်နဝါရီ ၁၈
သီရိလင်္ကာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမ ၁၅ ရက်အတွင်း နိုင်ငံခြားခရီးသွား တစ်သိန်းကျော်ဝင်ရောက်ခဲ့ကြောင်း သီရိလင်္ကာခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယခုနှစ်အတွင်း ၁၀၁၃၆၂ ဦးရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၁၁၄ ရာခိုင်နှုန်း ပိုမိုမြင့်မားလာသည်ဟု ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က ဖော်ပြထားသည်။
ကိုလံဘိုမြို့၏ဟိုတယ်များအတွက် တည်းခိုခန်းခ အနိမ့်ဆုံးနှုန်းထားများ စီမံထားခြင်းကြောင့် ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာပြီး ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေလည်း သိသိသာသာ မြင့်တက်လာကြောင်း ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဖာနန်ဒိုက ဒေသတွင်းမီဒီယာသို့ ပြောကြားသည်။
၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၄၈၇၃၀၃ ဦး ဝင်ရောက်ခဲ့ရာ ၂၀၂၂ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှ ၁၀၆ ဒသမ ၆ ရာခိုင်နှုန်း များပြားခဲ့သည်ဟု သိရသည်။ ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံ၏ထိပ်တန်းနိုင်ငံခြားဝင်ငွေရရှိစေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား နှစ်သန်းကို ဆွဲဆောင်ရန်ရည်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို