ကိုလံဘို  ၂၂  ဧပြီ    

 


သီရိလင်္ကာနိုင်ငံတွင်   ဗုံးခြောက်လုံးသီးခြားစီပေါက်ကွဲခဲ့ရာ  လူပေါင်း ၂၀၇ ဦးသေဆုံးခဲ့ပြီး ၄၀ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူများအနက် နိုင်ငံခြားသားအများဆုံး ပါဝင်ကြောင်း  ယမန်နေ့ အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါဗုံးပေါက်ကွဲမှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု        သီရိလင်္ကာသမ္မတ မိုင်သရီပါလာ  သီရိသေနက   မှတ်ချက်ပြု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ရာနေး  ဝစ်ကရီမီဆင်းဟီက      အဆိုပါအကြမ်းဖက်လုပ်ရပ်ကို  ရှုတ်ချပါကြောင်း   ပြောကြားခဲ့သည်။

 

ယခုဗုံးပေါက်ကွဲမှုသည် သီရိလင်္ကာနိုင်ငံ၌ ပြည်တွင်းစစ်ပွဲများ ချုပ်ငြိမ်းသွားသည့်အချိန် လွန်ခဲ့သောဆယ်စုနှစ်တစ်စုအကြာကစပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအနက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်သည်။

 

မြို့တော်ကိုလံဘိုရှိ St. Antony’s Shrine      ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနှင့် the Kingsbury Colombo Sri Lanka၊ the Cinnamon Grand Colobo နှင့်the Shangri-La   ဟိုတယ်သုံးလုံးတွင်    အဆိုပါဗုံးများ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဘတ်တီကာလိုရာမြို့ရှိစိန့်စီဘရှန်းနှင့် ဇူရီယန်  ခရစ်ယာန်ဘုရား ကျောင်းများတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ခရစ်ယာန်ဘုရားကျောင်းသုံးကျောင်း၌  ခရစ်ယာန်ဘာသာဝင်များ  ဘုရားဝတ်ပြု နေချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 

သီရိလင်္ကာ   သမ္မတ   မိုင်သရီပါလာ သီရိသေနက အဆိုပါဗုံးပေါက်ကွဲမှုများသည် အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်ကြောင်းနှင့်   ပြစ်မှုကျူးလွန်သူများအား     ပြစ်ဒဏ်ထိရောက်စွာ      ချမှတ်မည်ဖြစ်ပါကြောင်း ရုပ်သံလိုင်းတစ်ခုတွင် ပြောကြားခဲ့သည်။ သီရိလင်္ကာ အာဏာပိုင်များက ဗုံးပေါက်ကွဲမှု   ဖြစ်ပွားခဲ့ပြီးနောက်    နိုင်ငံတစ်ဝန်းတွင်  ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။    

 

      
အေအက်ဖ်ပီ