ဇူလိုင် ၁၅
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျက်ပက်ဆာသည် သမ္မတရာထူးနုတ်ထွက်စာတင်သွင်းခဲ့သည်ဟု သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌရုံး၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါရာထူးနုတ်ထွက်စာကို ၎င်းက ယမန်နေ့ညက လက်ခံရရှိခဲ့ကြောင်း ထိုရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနုတ်ထွက်စာကို အတည်ပြုပြီးပါက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာမည် ဖြစ်သည်။
ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် အကြီးဆုံးမြို့ဖြစ်သည့် ကိုလံဘိုတွင် ရောက်ရှိနေသော အစိုးရဆန့်ကျင်သည့် ဆန္ဒပြသမားများသည် ဝမ်းသာအားရအော်ဟစ်ခဲ့ကြသည်။
ရာဂျာပက်ဆာသည် အစောပိုင်းက ဇူလိုင် ၁၃ ရက်တွင် နုတ်ထွက်စာတင်မည်ဟု ထပ်လောင်းပြောကြားခဲ့သော်လည်း နုတ်ထွက်စာတင်ခြင်းမရှိပဲ ထိုနေ့မှာပင် စစ်လေယာဉ်တစ်စင်းဖြင့် မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ရာဂျာပက်ဆာသည် ဇူလိုင် ၁၄ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု စင်ကာပူနိုင်ငံ၏ နိုင်ငံပိုင်မီဒီယာက ဆိုသည်။
ရာဂျာပက်ဆာအနေဖြင့် စင်ကာပူနိုင်ငံတွင်းသို့ ပုဂ္ဂလိကအနေနှင့်လာရောက်ခြင်းသာဖြစ်ကြောင်းနှင့် ခိုလှုံခွင့်တောင်းခံခြင်းမရှိသလို ခိုလှုံခွင့် ခွင့်ပြုပေးခဲ့ခြင်းလည်း မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစိုးရက ကိုလံဘိုတွင် ဇူလိုင် ၁၄ ရက်က သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ချမှတ်ခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို